မတ်၊၁၂
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က အောင်မြေ ၂ ကျေးရွာမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေ အစားအသောက်၊ ဆေးဝါးနဲ့ ရေပြတ်လပ်လာတဲ့ အခြေအနေတွေကြောင့် ရရာနည်းနဲ့ ရွာပြင်ထွက်ဖို့ စဉ်းစားလာသူတွေ ရှိနေပြီလို့ သိရပါတယ်။
ဒေသခံပြည်သူတွေ ရွာအတွင်း ပိတ်မိနေတာ ဒီကနေ့နဲ့ဆိုရင် လေးရက်မြောက်ရှိနေပြီဖြစ်ပြီး ပြည်သူတွေ အားလုံးဟာ ရွာအတွင်းက ဘုန်းကြီးကျောင်းဝင်းမှာပဲ နေထိုင်နေရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကလေး၊ လူကြီး ဖျားနာသူတွေ ပိုများလာတဲ့အပြင် အစားအသောက်နဲ့ရေ ပြတ်လပ်လာတာကြောင့် ရွာအတွင်းကနေ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ထွက်တော့မယ်လို့ စဉ်းစားလာသူတွေ ရှိလာကြောင်း အောင်မြေ ၂ ကျေးရွာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောတယ်။
“ကလေးတွေလည်း အရမ်းဖျားလာကြပြီ။ ကြမ်းပြင်မှာအိပ်။ အမိုးတောင် မရှိတဲ့နေရာမှာ အိပ်ရတော့ ‘မထူးဘူး လက်နက်ကျည်ထိပြီး သေရင်လည်း သေ’ဆိုပြီး ထွက်ဖို့ စဉ်းစားနေတဲ့သူတွေလည်း ရှိလာပြီ။ ပိုကလေးမိခင်တွေကဆို သေရင်သေ ထွက်တော့မယ်ဆိုပြီး စဉ်းစားလာကြတာ”လို့ ဆိုပါတယ်။
ဖျားနာနေတဲ့ ကလေးတွေနဲ့ လူကြီးတွေတွက် ဆေးဝါးမရှိတဲ့အတွက် မက်ကလောင်ခြစ်ပြီး ကုသထားရတယ်လို့လည်း အထက်ပါ ဒေသခံက ဆက်လက်ဆိုပါတယ်။
“လာကယ်မယ့်သူတွေလည်း ကြိုးစားနေတယ်လို့ ပြောတယ်။ ဒါပေမဲ့ အထဲမှာက ဖျားတဲ့သူတွေ များလာတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ထွက်ရအောင် ဆိုပြီး တွေးလာတယ်။ အကုန်လုံးလည်း စိတ်ဓာတ်ကျလာကြပြီ။ ကိုယ်ကိုယ်တိုင်လည်း ဖျားလာပြီ။ ကိုယ့်အိမ်ကို ပြန်ဖို့လည်း ပြန်မရ။ အိမ်သာတွေလည်း ပြည့်နေပြီ။ အလေးသွားချင်တာတောင် အောင့်ထားရတယ်”လို့ ဒေသခံက ပြောပါတယ်။
ဒီကနေ့အထိ အောင်မြေ ၂ ကျေးရွာ ဘုန်းကြီးကျောင်းမှာ ပိတ်မိနေသူတွေ စုစုပေါင်း ထောင်ဂဏန်းလောက်ရှိပြီး အဲဒီအထဲ ရွှေညောင်ပင်ကျေးရွာ ဒေသခံပြည်သူအချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(PCG)က တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်း အသီးသီးကနေ ကြိုးစားလုပ်ဆောင်နေပြီး သုံးရက်မြောက်ရှိလာပေမဲ့ ကယ်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
” KIAကို ဆုတ်ပေးဖို့ ပြောလို့ KIAက ဆုတ်သွားပြီ။ စစ်တပ်ဘက်က တစ်ဖန်ပြန်ပြီး ပြည်သူတွေကို အဲဒီမှာပဲနေပါ။ မထွက်ပါနဲ့ပေါ့။ ပြည်သူတွေက ဟိုမှာ တစ်စက်မှ မနေချင်တော့ဘူး။ တစ်ပတ်လောက် စောင့်ပါဦး ပြောပြန်ရော။သူတို့ကျတော့( စစ်ကောင်စီသားတွေ) ၃၂၁ စခန်းဘက်က ကားလေးစီးနဲ့ တုန်ဖုန်းကားတွေနဲ့ တစ်ခါတည်း ရုပ်ဖျက်ပြီး ထွက်လာကြတယ်။ “လို့ ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။
ဖျားနာသူတွေထဲက မန္တလေးမြို့ဘက် ဆေးကုသဖို့ စီစဉ်ထားတဲ့ ဦးနှောက်အမြှေးပါး ဝေဒနာခံစားနေရတဲ့ လူနာတစ်ဦးဟာလည်း မကြာခဏဆိုသလို သတိလစ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
အောင်မြေ ၁ ကျေးရွာအတွင်းက ဒေသခံပြည်သူအချို့လည်း လက်ရှိအချိန်အထိ ပိတ်မိနေဆဲဖြစ်ပြီး အများစုကတော့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီလို့ ကြားသိရတဲ့အပြင် အောင်မြေ ၂ ကျေးရွာအတွင်းက ဒေသခံပြည်သူတွေ အားလုံးကတော့ ပိတ်မိနေဆဲလည်း ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မတ်လ ၇ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောင်မြေ ၂ ကျေးရွာဘက်မှာလည်း မတ်လ ၉ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ ဒေသခံပြည်သူတွေ ပိတ်မိနေတာပါ။
အောင်မြေ ၂ ကျေးရွာကတော့ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး လမ်းတစ်လျှောက် မှာတော့ ဝိုင်းမော်-ခါးရှိ-အင်လေး-အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပါတယ်။







