စစ်ရေးအရ ကုန်းကြောင်းလေကြောင်း ကျူးကျော်လာပါက ခုခံတိုက်ထုတ်သွားမည်ဖြစ်ကြောင်း “ဝ” အဖွဲ့ကြေညာ

266
Photo Credit- Wikimedia Commons/Steve Sandford

 

နိုဝင်ဘာ၊ ၁

ရှမ်းမြောက်တိုက်ပွဲတွေနဲ့ဆက်စပ်ပြီး စစ်ရေးအရ နယ်မြေကျော်လာရင် ပြန်လည်ခုခံတိုက်ထုတ်သွားမယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

“ဝ” နယ်ထဲက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်စိမ် လုံခြုံရေးအတွက် ကုန်းကြောင်းသာမက လေပိုင်နက်ထဲကိုပါ ကျူးကျော်လာရင် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ “ဝ” ဒေသကိုရောက်လာတဲ့ စစ်ဘေးရှောင်တွေကိုတော့ လူသားချင်းစာနာထောက်ထားမှုအရ ကူညီသွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က စလိုက်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် “ဝ” ဒေသကို စစ်ဘေးရှောင်လာတဲ့သူ ၅၀၀၀ လောက်ရှိပြီး အဲဒီထဲက အနည်းအကျဉ်း ပြန်သွားတယ်လို့လည်း “ဝ” အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို မနေ့က ဖြေကြားထားပါတယ်။

ဒီနေ့ “ဝ” အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုးကန့်ဒေသကကိစ္စတွေနဲ့ပတ်သက်ပြီး တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြချက်အရ စစ်တပ်ဟာ “ဝ” နယ်ထဲကို ဝင်ခွင့်ရဖို့ တရုတ်နိုင်ငံဆီ တောင်းဆိုနေတာကိုလည်း တွေ့ရပါတယ်။

အခု ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်မြို့ဟာ “ဝ” ဒေသက နမ့်တစ်မြို့နဲ့ ကပ်ရပ်လောက်မှာ တည်ရှိနေတာဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here