စက်တင်ဘာ၊၁၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို လိုင်းကြေး(ပိုက်ဆံပေးပြီး) ပေးပြီး ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်း လေးနေရာထက်မနည်း ရှိတယ်လို ဒေသခံတွေဆီက သိရပါတယ်။
လောင်းကစားရုံပိုင်ရှင်တွေက မိုးညှင်းမြို့က ရဲတွေ၊ လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး ဖွင့်ထားတဲ့အတွက် တရားဝင်လို ဖြစ်နေတာလို့ မိုးညှင်းမြို့ခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“လောင်းကစားလုပ်တယ်ဆိုတာက သိတဲ့အတိုင်းလေ။ သူတို့တွေ ဒီစစ်တပ်တွေနဲ့ ရဲတွေနဲ့ လက်ဝါးချင်းရိုက်ပြီး လုပ်စားတာ ဖြစ်နိုင်တယ်။ ဖဲရိုက်၊ ၆ ကောင်ဂျင်ဆော့တယ်။ အပေါင်တွေလည်းလက်ခံတယ်။“ လို့ အထက်ပါမြို့ခံက ပြောပါတယ်။
တစ်ချို့ လောင်းကစားရုံတွေက မနှစ်ကစပြီး ဖွင့်လာကြတာဖြစ်ပြီး တချို့ရုံတွေကတော့ ဖွင့်ထားတာ လပိုင်းလောက်တော့ ရှိပြီလို့ ဆိုပါတယ်။
အခုလိုမြို့ပေါ်မှာ လောင်းကစားရုံတွေကို ပေါ်ပေါ်ထင်ထင်နဲ့ တရားဝင်လိုမျိုး ဖွင့်လှစ်ထားတဲ့အတွက် ပတ်ဝန်းကျင်မှာ လူငယ်တွေအတော်များများ ပျက်စီးနေတာတွေ တွေ့မြင်နေရတယ်လို့လည်း မိုးညှင်းမြို့ ဒေသခံအမျိုးသားကဆက်လက် ပြောပါတယ်။
“အဲဒီမှာ သွားတာ အဓိကကတော့ မူးယစ်ဆေးဝါးမှာ လူငယ်တွေ ကျဆုံးတာကို များသောအားဖြင့် မြင်မိတယ်။ လုယက်မှုဆိုတာတွေလည်း အရင်ကထက်ပိုဆိုးလာတယ်။ “ လို့ ဒေသခံအမျိုးသားက သူ့ရဲ့အမြင်ကို ပြောပါတယ်။
အဲဒီလောင်းကစားရုံကို မနက် ၇ နာရီဝန်းကျင်လောက်ကနေ ည ၁၁ နာရီဝန်းကျင်လောက်အထိ ဖွင့်ကြတာဖြစ်ပြီး ကစားရုံက ထွက်လာတဲ့ ဆူညံသံတွေဟာ ညအချိန်ပိုကျယ်တဲ့အတွက် အနီးပတ်ဝန်းကျင်က ပြည်သူတွေအတွက် အိပ်ရေးပျက်တာတွေနဲ့ တစ်ခြားအနှောက်အယှက်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ရိုမန်တစ် ကစားဝိုင်း၊ အောင်သပြေတောင်ကျောင်းအနီး အောင်သပြေ ၂ ၊ အောင်သပြေ ၃ ၊ သိမ်အင်း နဲ့ အောင်ချမ်းသာ တို့မှာ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ပြီး လူကြီး၊ လူငယ် အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သွားရောက်ဆော့ကစားနေကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
လောင်းကစားရုံဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အုပ်ချုပ်ရေးပိုင်းကသူတွေ၊ စစ်သားနဲ့ ရဲတွေသာမက ကချင်လွတ်လပ်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ပိုက်ဆံယူထားကြတဲ့အတွက် ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူတာမရှိဘူးလို့ နောက်ထပ်မိုးညှင်းမြို့ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။
“ဖွင့်တယ်ဆိုတော့ အားလုံးကို ကျွေးရတော့တာပေါ့။ စစ်ကောင်စီတပ်တို့ ရဲတို့၊ အုပ်ချုပ်ရေးပိုင်းတို့၊ KIA တို့ PDF တို့အားလုံးကို ပေးပြီးလုပ်နေတာ။ အဲဒါ(ပိုက်ဆံ) မပေးရင် လုပ်လို့မှမရတာ။ ရှိသမျှအဖွဲ့အားလုံး ကောက်ကြတယ်။ စစ်တပ်ကလည်း စစ်တပ်တိုင်းလိုလို လာတောင်းတယ်။ ရဲလည်း ရဲဌာနတိုင်းလိုလို လာတောင်းစားတယ်။“လို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Mohnyin Revolution Force က တာဝန်ရှိသူတစ်ဦးကတော့ လောင်းကစားရုံတွေဟာ စစ်ကောင်စီကအုပ်ချုပ်တဲ့ ဧရိယာအတွင်းဖြစ်တဲ့ မိုးညှင်းမြို့ပေါ်မှာ ဖွင့်လှစ်ထားကြတာဖြစ်တဲ့အတွက် KIA နဲ့ PDF တွေက ပိုက်ဆံကောက်ခံတာတွေ မရှိကြောင်းနဲ့ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်မင်းသူက ခရိုင်အုပ်ချုပ်ရေးရုံးအတွက် ပိုက်ဆံကောက်ပေးပြီး နယ်ထိန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ သတင်းစာဆရာများအသင်းကအဖွဲ့၊ စစ်တပ်၊ အက်စ်ဘီအဖွဲ့၊စရဖအဖွဲ့နဲ့ အဖွဲ့အစည်းအမျိုးမျိုးကနေ ပိုက်ဆံကောက်ပြီး ဖွင့်ခိုင်းထားတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ အဲဒီလောင်းကစားရုံ၊ လောင်းကစားဝိုင်းတွေကို အရေးယူမှုတွေ လုပ်ဆောင်မှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လောင်းကစားဝိုင်းတွေဆီကို သွားရောက်ခြင်းမပြုကြဖို့ကို Mohnyin Revolution Force က စက်တင်ဘာ ၄ ရက်နေ့က အသိပေး ထုတ်ပြန်ထားပါတယ်။







