ဝါရာဇွပ်ကျေးရွာက ဒေသခံပြည်သူတွေ ကန့်ကွက်ထားတဲ့ နေရာတစ်ဝိုက် ရွှေတူးဖော်မှုတွေ များပြားလာ

190

 

ဖေဖော်ဝါရီ၊၆

ဟူးကောင်းချိုင့်ဝှမ်း၊ ဝါရာဇွပ်ကျေးရွာက ဒေသခံပြည်သူတွေ ကန့်ကွက်ထားတဲ့ နေရာတစ်ဝိုက် ရွှေတူးဖော်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းကနေ ရပ်နားသွားအောင် ကူညီဖြေရှင်းပေးစေလိုတယ်လို့ ဝါရာဇွပ်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းကနေစပြီး လုပ်ငန်းရှင် ၆ ဦးထက်မနည်း စက်အသေးရွှေဆိုင်း ၆ ခုလောက်နဲ့ ဝင်ရောက်တူးဖော်လာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ဒေသခံမဟုတ်တဲ့ အခြားအရပ်ကသူတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတယ်လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိအချိန်မှာ ရွှေတူးဖော်သူတွေ အယောက် ၅၀ ထက်မနည်း ဝင်ရောက်နေပြီဖြစ်ပြီး ချောင်းအနီးတစ်ဝိုက်က ဒေသခံပြည်သူတွေရဲ့ စိုက်ခင်းနေရာတွေအထိပါ တူးဖော်နေပြီလို့ ဒေသခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အရင်က မတူးတဲ့နေရာတွေမှာ တူးလာကြတာ။ မနှစ်ကတည်းက စလာတာ။ အခုလည်း လူတွေ ဝင်နေဆဲပဲ။ လျော့သွားတယ်လို့ကို မရှိဘူး။ ပိုပို တိုးလာတာ။ ဒေသခံတွေ ကန့်ကွက်ထားတဲ့ နေရာမှာလည်း တူးလာကြတာ“လို့ ဒေသခံက ပြောပါတယ်။

လက်ရှိ ရွှေတူးဖော်နေတဲ့ နေရာဟာ မနားချောင်းဆုံနဲ့ ငကျန်ချောင်းဆုံကြား တစ်နေရာမှာ ရွှေတူးဖော်နေကြတာဖြစ်ပြီး ရွှေတူးဖော်သူတွေဟာ ဝါရာဇွပ်တိုက်နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဆီ အခွန်ဆောင်ပြီးစီးပြီဆိုတဲ့ အနေအထားနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှုကို လစ်လျူရှုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒေသခံတွေအနေနဲ့ လက်ရှိရွှေတူးဖော်နေတဲ့ ၂ မိုင်ကျော်လောက်အကွာအဝေးအတွင်း ရွှေမတူးဖော်ကြဖို့နဲ့ နေရာရွှေ့ပေးဖို့ကို ကချင်လွတ်လပ်ရေးတပ်မတော်၊ ဟူးကောင်းခရိုင်၊ ဝါရာဇွပ်တိုက်နယ်က အရာရှိတစ်ဦးကို ပြောဆိုထားတာရှိပေမဲ့ လက်ရှိအချိန်အထိ တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

KIA ဆီ အခွန်ဆောင်ပြီး ရွှေတူးဖော်မှု လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောဆိုနေတဲ့အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားလာတာတော့ မရှိသေးပါဘူး။

ဒါ့အပြင် အဲဒီချောင်းဟာ ရွာအလယ်မှာ စီးဆင်းနေတဲ့ ချောင်းဖြစ်တဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာပြီး စားကျက်မြေတွေ ဆုံးရှုံးလာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။

လက်ရှိအချိန် ဝါရာဇွပ်ကျေးရွာအတွင်းက အထက်ပါချောင်းနေရာအနီးတစ်ဝိုက်မှာ မြန်မာပြည်အလယ်ပိုင်းဒေသဘက်က တက်လာပြီး ဝင်ရောက်လုပ်ကိုင်သူတွေဟာ တစ်နေ့ထက်တစ်နေ့ များလာနေတယ်လို့ သိရပါတယ်။

“ရွာအစွန်း ချောင်းဆုံတွေမှာပါ တူးလာကြတာ။ အလယ်ပိုင်းက တက်လာသူတွေ များလာတယ်။ ခြံအထိတောင် ရောက်လာကြတာ။ သူများတွေရဲ့ မုန်ညှင်းခြံအထိတောင် ရောက်လာကြတာ။ ခြံရှင်တွေတောင် ရပ်ပေးဖို့ ပြောထားကြတာ”လို့ ဒေသခံက ဆက်လက်ပြောပြပါတယ်။

နောက်ထပ် ဝါရာဇွပ်ဒေသခံပြည်သူတစ်ဦးရဲ့ ထပ်မံပြောပြချက်အရ ဒေသခံပြည်သူတွေ ကန့်ကွက်ထားတဲ့ နေရာမှာပါ ရွှေတူးဖော်ဖို့ လာရောက်စမ်းသပ်တာတွေ ရှိနေတဲ့အပြင် ဝါရာဇွပ်ကျေးရွာကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက် မောင်းနှင်သွားရတဲ့ ဘန်ကောက်ကျေးရွာ အနီးတစ်ဝိုက်မှာလည်း ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေ ရွှေတူးဖော်သူတွေ ပိုများလာတယ်လို့ သိရပါတယ်။

“စက်အကြီးတွေနဲ့ပဲ တူးကြတာ။ ဘန်ကောက်မှာက ဘက်ဟိုးဆိုက်တွေကြီးပဲ များတယ်။ ခြံရှင်တွေကိုယ်တိုင် သူတို့ခြံရောင်းလိုက်တာ ရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ဝါရာဇွပ်ကျေးရွာအတွင်းက အထက်ပါ ရွှေတူးဖော်နေတဲ့နေရာနဲ့ အနီးတစ်ဝိုက်ဟာ ဒေသခံတွေ ကျွဲ၊ နွားတွေ ကျောင်းလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here