မနမှော်နွံကန်ပေါက်ကျမှုအတွင်း ပါသွားသူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲရှိနေ

240

 

မတ်၊၁၂

ဖားကန့်မြို့နယ်၊ မနမှော်ကျေးရွာက နွံကန်ပေါက်ကျမှုအတွင်း ပါသွားသူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့မနက် အစောပိုင်း ၄ နာရီလောက်မှာ ပေါက်ကျခဲ့တာ ဖြစ်ပြီးဒီကနေ့မနက်ပိုင်းက စက်ယန္တရားကြီးတွေနဲ့ ကြိုးစား ကယ်ဆယ်ခဲ့ပေမဲ့ နွံတွေ များလွန်းတာကြောင့် ကယ်ဆယ်ရေး ရပ်နားထားရတယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ကုမ္ပဏီဝန်ထမ်းတွေ အများပိုင်းပါသွားတယ်။ ကယ်ဆယ်ရေးက ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်နေတယ်။ စက်ယန္တရားတွေနဲ့လည်း ဝင်ကြည့်တယ်။ နွံတွေနဲ့ ဆိုတော့။ စက်ယန္တရားနဲ့လည်း အဆင်မပြေဘူး။ ကယ်ဆယ်ရေး လုပ်လို့မရဘူး ဖြစ်နေတယ်။ လောလောဆယ် နားထားရတယ်”လို့ ဆိုပါတယ်။

နွံကန်ပေါက်ကျမှုအတွင်း ကုမ္ပဏီဝန်ထမ်းတွေအပြင် ရေမဆေးကျောက်ရှာသူတွေ ၂၀ ဦးလောက် ပါသွားနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုနေကြပေမဲ့လက်ရှိအချိန်အထိတော့ အတိအကျ ပြောဆိုလို့ မရသေးဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် နွံကန်ပေါက်ကျမှုအတွင်း ကုမ္ပဏီဝင်းထဲက မြေသယ်ယာဉ်နဲ့ ဘက်ဟိုးတွေ ၁၀ စီး ထက်မနည်း ပါသွားတယ်လို့လည်း နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

လက်ရှိအချိန်မှာတော့ သေဆုံးသူ အလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရလူနာ သုံးဦးကိုတော့ ဖားကန့်ဆေးရုံကြီးဘက် ပို့ဆောင်ထားတယ်လို့ ထပ်မံသိရှိရပါတယ်။

ဒီကနေ့မနက် ပေါက်ကျခဲ့တဲ့ နွံကန်ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ကမ်းပါးပြိုကျမှုကြောင့် လူအယောက် ၃၀ ကျော် သေဆုံးခဲ့ရတဲ့ နွံကန်ရဲ့ ညာဘက်အခြမ်းမှာ တည်ရှိတဲ့ နွံကန်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here