လေယာဉ်လက်မှတ်ရရှိမှု ခဲယဉ်းတဲ့အတွက် ပူတာအိုဒေသဘက် ရေခဲတောင်ခရီးသွားလာမှု နည်းပါး

288

 

ဇန်နဝါရီ၊ ၁၆

မြို့ကြီးတွေကနေ ပူတာအိုဒေသကိုလာရောက်ဖို့ လေယာဉ်လက်မှတ်ရရှိမှု ခဲယဉ်းတဲ့အတွက် ဒီနှစ်စပိုင်းမှာတော့ ပူတာအိုဒေသဘက် ရေခဲတောင်ခရီးသွားလာရောက်တာ နည်းပါးနေတယ်လို့ သိရပါတယ်။

နှစ်စဉ် နိုဝင်ဘာလလောက်ကနေ ဧပြီလကုန် မေလပိုင်းလောက်ထိသွားကြတဲ့ ရေခဲတောင် ခရီးစဉ်တွေမှာ အရင်နှစ်က အခုလိုနှစ်စပိုင်းအချိန် ခရီးသွား ၆ ဖွဲ့လောက်အထိ ဖွဲ့လောက်ပို့ဆောင်နိုင်ပေမဲ့ ဒီနှစ်မှာတော့ လေယာဉ်လက်မှတ်ရရှိဖို့ ခက်ခဲတဲ့အတွက် သုံးဖွဲ့သာပို့နိုင်သေးတယ်လို့ ရေခဲတောင်ခရီးသွား ပို့ဆောင်ရေးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“တော်တော်နည်းသွားတယ်။ ဘာကြောင့်မို့လဲဆို ပူတာအိုက လေယာဉ်အခက်အခဲကြောင့်မို့။ အခုကလေယာဉ်နေရာမရကြဘူး။ ဒီနှစ်ဆိုလို့ရှိရင် အခုဇန်နဝါရီတောင်ရောက်ပြီ။ လေယာဉ် လက်မှတ်ရတဲ့ သုံးဖွဲ့ပဲပို့ဖြစ်သေးတယ်။” လို့ဆိုပါတယ်။

ရန်ကုန်- မန္တလေး- မြစ်ကြီးနား- ပူတာအို လေယာဉ်လက်မှတ်တွေကို တစ်လ၊ နှစ်လ ကြိုတင်ဝယ်ယူနေရတဲ့ အခြေအနေဖြစ်နေပြီး လတ်တလောကာလမှာ လာရောက်လည်ပတ်လိုသူတွေရှိပေမဲ့ လက်မှတ်ရဖို့ ခက်ခဲနေတာလို့ဆိုပါတယ်။

လေကြောင်းလိုင်းပြေးဆွဲမှုတွေဟာ ပြီးခဲ့တဲ့မိုးတွင်းလောက်ကတည်းကနေ ကျပ်တည်းသွားတာဖြစ်ပြီး ဒီဇင်ဘာလတုန်းက တစ်ပတ်ကိုသုံးလေးရက် ပြေးဆွဲပေမဲ့ လက်ရှိ ဇန်နဝါရီလကစပြီး ရန်ကုန်ကနေ စနေနေ့ တစ်ရက်သာ ခရီးစဉ်ပြေးဆွဲနေတာလို့ သိရပါတယ်။

အရင်က တစ်ပတ်အတွင်း ခရီးသွားသုံးဖွဲ့လောက်အထိ လာတာမျိုးရှိပေမဲ့ ဒီနှစ်ကတော့ ခရီးသွားနည်းပါးသွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ရေခဲတောင်ခရီးသွားက နည်းနည်းတော့ပါးတယ်။ နှစ်ပတ်တစ်ခါ သုံးပတ်တစ်ခါ သွားတဲ့အဖွဲ့တော့ရှိတယ်။ အပတ်တိုင်းတော့ မဟုတ်ဘူး နည်းနည်းပါးတာပေါ့။ အရင်တုန်းကထက်စာရင်တော့ ခရီးသွားနည်းသွားတာပေါ့။”

ကုန်းကြောင်းဖြစ်တဲ့ ကားလမ်းပိုင်းကနေ လာချင်ပေမဲ့ လမ်းခရီးမလုံခြုံမှာ စိုးတဲ့အတွက် မလာရဲကြတာရှိသလို လေယာဉ်ခဈေးနှုန်းကလည်း ပိုမိုမြင့်တက်သွားတဲ့အတွက် ခါတိုင်းထက် ကုန်ကျစရိတ် မြင့်တက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မိုးတွင်းကာလက တိုက်ပွဲတွေကြောင့် မြစ်ကြီးနား- ဗန်းမော် ကားလမ်းပိုင်းပိတ်သွားတဲ့ နောက်ပိုင်းကတည်းကနေ လေယာဉ်လက်မှတ်ရဖို့ ခက်ခဲသွားတာဖြစ်ပြီး လက်ရှိ ရန်ကုန်- ပူတာအို လေယာဉ်လက်မှတ်ရဖို့ခက်ခဲသလို ဒီနှစ် ပူတာအိုဒေသဘက်ကို လာလည်ကြတာ နည်းတယ်လို့ နောက်ထပ်ပူတာအို ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။

လေယာဉ်လက်မှတ်အရောင်းဌာနတွေရဲ့ ပြောကြားချက်အရလည်း ပူတာအိုဘက်သွားဖို့ လေယာဉ်လက်မှတ်ခက်ခဲနေပြီး မြစ်ကြီးနား- ပူတာအို လေယာဉ်ခမှတ်ခ တစ်ဦးကို ကျပ် ၂၀၀,၀၀၀ ဝန်းကျင်နဲ့ ရန်ကုန်- ပူတာအိုကတော့ သုံးသိန်းကျာ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေပါတယ်။

အောက်ပိုင်းဒေသဘက်တွေက တချို့နေရာတွေမှာ နယ်မြေငြိမ်းချမ်းမှုမရှိတာကြောင့် အဲဒီအပိုင်းက ခရီးသွားတွေမလာဖြစ်တဲ့ အခြေအနေတွေလည်းရှိပြီးတော့ ရန်ကုန်လို မြို့ကြီးတွေဘက်ကပဲ လာဖြစ်နေတာလို့ ရေခဲတောင်ခရီးသွားပို့ဆောင်ရေးအဖွဲ့ကနေ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here