နိုဝင်ဘာ၊ ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စက်သုံးဆီတွေကို အရင်ကထက် လိုအပ်သလောက် ဝယ်ယူလို့မရတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး အခက်ကြုံနေရတယ်လို့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှတော့ ဓါတ်ဆီရရှိနိုင်ဖို့အတွက် တန်းစီဝယ်ယူနေရပြီး လူများတဲ့အတွက် မတိုးနိုင်တဲ့ရက်တွေလည်း ရှိတယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆီက မရှိတော့ရင်တော့ ခက်တယ်။ သွားဖို့လာဖို့ဆိုရင်လည်း ခက်တယ်။ ဆီတိုးရင်လည်း လူအရမ်းများလို့ မတိုးနိုင်ဘူး။“လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ဟိန်းအောင်စက်သုံးဆီပန့်ဆိုင်မှာ တစ်နာရီကျော် ၂ နာရီလောက်အထိ သွားတန်းစီပြီး ဝယ်ယူနေကြရပေမဲ့ လိုသလောက် ဝယ်ယူလို့မရဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ဆက်လက် ပြောပါတယ်။
“ရပ်နားချိန်ရောက်ရင်တော့ ကြိုတင်တော့ပြောတယ်။ လာတိုးတဲ့ သူတိုင်းကို ကုန်အောင်တော့ မပေးနိုင်ကြဘူး။ သူတို့ရပ်ပြီလို့ ပြောလိုက်ရင်တော့ ပြန်သွားရတာပေါ့။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။
ဆီပန့်ဆိုင်မှာဝယ်ယူရင် တစ်လီတာကို ၅,၀၀၀ ကျပ်ကျသင့်ပြီး ပန့်ဆိုင်ကနေ ရောင်းတဲ့အချိန် တစ်မြို့လုံးတန်းစီပြီး ဝယ်ယူကြရတယ်လို့လည်း သိရပါတယ်။
မြို့ထဲမှာရှိတဲ့ စက်သုံးဆီပန့်ဆိုင်ထဲမှာ ဟိန်းအောင်ဆိုင်တစ်ဆိုင်ပဲ ဖွင့်တာဖြစ်တဲ့အတွက် သွားတန်းစီတဲ့သူ များတာလို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။
“ဒီနှစ်ရက်လောက်မှာတော့ ပန့်ဆိုင်က အနည်းအကျဉ်းထည့်(ရောင်း)ပေးပြီ။ အနည်းအကျဉ်း သုံးဖို့အတွက်ပေါ့။ လိုသလောက်တော့ မရဘူး။ “လို့ ဒေသခံက ဆိုပါတယ်။
ဆိုင်ကယ်စီးတဲ့သူတွေကိုတော့ ၅,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်ဖိုးအထိ ရောင်းပေးပြီး ကားစီးတဲ့သူတွေကိုတော့ ၂၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်ဖိုးအထိ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
အပြင်ဆိုင်(လမ်းဘေး လက်လီဆိုင်) တွေမှာ တစ်လီတာကို ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀၊ ၁၀,၀၀၀ ကျပ်လောက်အထိ ရောင်းနေကြပြီး အသုံးလိုတဲ့ပြည်သူတွေကတော့ ဝယ်ယူသုံးစွဲနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြစ်ကြီးနား- လွယ်ဂျယ်လမ်း စစ်ကောင်စီတပ်ဂိတ်မှာ စက်သုံးဆီသယ်ဆောင်ခွင့် ပိတ်ထားတဲ့အပြင် ဗန်းမော်- မန္တလေးလမ်းဘက်ပါ ပိတ်ထားကြတဲ့အတွက် အခုလို စက်သုံးဆီ ရရှိဖို့ခက်ခဲနေတာဟာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုအချိန်မှာ ဗန်းမော်မြို့အဝင်အထွက်လမ်းတွေကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ည ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာခွင့် ပိတ်ထားတယ်လို့လည်း သိရပါတယ်။







