နောင်မွန်ပြည်သူ့ဆေးရုံမှာ ဆေးဝါးလုံလောက်မှုမရှိ၊ ပြင်ဆေးဆိုင်တွေမှာလည်းဝယ်ယူရရှိဖို့ ခက်ခဲတာကြောင့် ဒေသခံတွေ အခက်တွေ့

131
နောင်မွန်မြို့ ပြည်သူ့ဆေးရုံ

ဇွန်၊၁၈

ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးဝါးလုံလောက်မှု မရှိတဲ့အပြင် ပြင်ပဆေးဆိုင်တွေမှာလည်း ဆေးဝါးဝယ်ယူရရှိဖို့ ခက်ခဲနေတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ငွေရေးကြေးရေးခက်ခဲတဲ့ ဒေသခံတွေဟာ ဖျားနာမှုတွေရှိပြီဆိုရင် ပူတာအိုမြို့ဘက် သွားရောက်ကုသဖို့ အဆင်မပြေတဲ့အတွက် တိုင်းရင်းဆေးဝါးတွေကိုပဲ အသုံးပြုကုသနေကြတာလို့ နောင်မွန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပူတာအိုကို သွားဖို့ဆိုတာလည်း ဆီဈေးကအစ စကားပြောတော့ ပိုက်ဆံလည်း မတတ်နိုင်တဲ့အဆုံး တချို့က မသွားဖြစ်ဘူးပေါ့။ ဒီတိုင်းပဲ အိမ်မှာ တိုင်းရင်းဆေးတွေပဲသောက် ဒီလိုပဲ နေလိုက်တာ။ကျန်းမာရေးပိုင်းကတော့ တော်တော်လေး ခက်ခဲတယ်။ လို့ ဆိုပါတယ်။

ကားလမ်းပိတ်သွားတဲ့နောက်ပိုင်း နောင်မွန်မြို့မှာ တခြားကုန်ပစ္စည်းတွေနဲ့အတူ ဆေးဝါးတွေ လည်း ဝယ်ယူရရှိဖို့ ခက်ခဲသွားပြီး ကျန်းမာရေးပိုင်းနဲ့ ပတ်သက်လို့ အခက်အခဲ ကြုံနေရတယ်လို့ နောက်ထပ် နောင်မွန်ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

ကိုယ်ဝန်သည်တွေ တော်တော်ခက်နေတယ်။ ဆေးဝယ်ယူဖို့လည်း မရှိဘူး။ဆေးလည်း မရောင်းဘူး။ ဆရာဝန်မရှိတာက ကြာပြီ။ ခက်ခဲတယ်ဆိုတာက စကားနဲ့ ပြောတော့လွယ်တယ်။ ခံစားရတာ မလွယ်ဘူး။ လို့ ဆိုပါတယ်။

အရင်က ပူတာအိုဘက် သွားရောက်ကုသကြပေမဲ့ ကားလမ်းပိတ်ပြီး စက်သုံးဆီတွေရဖို့ ခက်တဲ့နောက်မှာတော့ ကားခမြင့်တက်တာအပြင် ကားပုံမှန်မထွက်တာတွေကြောင့် ပူတာအိုဘက် သွားရောက်ကုသဖို့ရာလည်း အခက်အခဲများစွာ ကြုံလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးတွင်းကာလဆိုရင် လမ်းပိုင်းမြေပြိုပြီး လမ်းပိတ်တတ်သလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတတ်တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း ပူတာအို-နောင်မွန် ကားလမ်းပိုင်းမှာ မြေပြိုပြီး ကားတွေ သွားလာလို့မရ ဖြစ်နေတယ်လို့ ကြားသိရပါတယ်။

နောင်မွန်ပြည်သူ့ဆေးရုံမှာ ဆေးပစ္စည်းကိရိယာနဲ့ ဆေးဝါးတွေ လုံလောက်မှုမရှိသလို ဆရာဝန်လည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာပြည်မြောက်ဖျားပိုင်းက ဝေးလံခေါင်ဖျား မြို့တစ်မြို့ဖြစ်တဲ့ နောင်မွန်မြို့ဟာ ပူတာအိုမြို့နဲ့ ကားလမ်းပိုင်း ၇၅ မိုင်လောက် ကွာဝေးပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here