မြေပြို၊ တံတားကျိုးတာတွေကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းမှာ ပိတ်မိနေတဲ့ ကားအစီး ၅၀ လောက်ရှိနိုင်

134
ဓါတ်ပုံ- မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်နေရာတွင် မြေပြိုပျက်စီးနေစဉ်။ Credit- Aong Awng

 

ဇူလိုင်၊၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ မြေပြို၊ တံတားကျိုးတာတွေ ဖြစ်နေတာကြောင့် လမ်းမှာပိတ်မိနေတဲ့ ကားအစီး ၅၀ လောက် ရှိနိုင်သေးတယ်လို့ ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့ဘက် တက်လာတဲ့ ကားအကြီး/အသေး အစီး ၃၀လောက် အင်ဂျစ်ယန်ကျေးရွာမှာ ပိတ်မိနေတဲ့အပြင် တစ်ခြားနေရာတွေမှာ ပိတ်မိနေတဲ့ ကားတွေလည်း ရှိနိုင်တယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

အတက်ကားတွေလည်း ပိတ်မိနေတယ်။ စနေနေ့(ဇူလိုင် )ရက်နေ့က တက်တဲ့ကားတွေရာ၊ ဆင်းတဲ့ ကားတွေရော ပိတ်မိနေတာ“လို့ ပြောပါတယ်။

ဓါတ်ပုံ- မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်နေရာတွင် မြေပြိုပျက်စီးနေစဉ်။ Credit- Aong Awng

ဇူလိုင်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ မိုးသည်းထန်ခဲ့တာကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်း မြေပြိုတာတွေ ဖြစ်ခဲ့တဲ့အတွက် ပူတာအိုကနေ မြစ်ကြီးနားမြို့ဘက် ဆင်းလာတဲ့ ကားအစီး ၈၀ ထက်မနည်းဟာလည်း ဆွမ်ပရာဘွမ်မြို့နယ်၊ ဖုန်ကျန်းရွာမှာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

ဖုန်ကျန်းရွာအနီး လမ်းပြိုတာတွေကြောင့် ခရီးဆက်လို့ မရတော့တဲ့အတွက် ဒေသခံတွေရဲ့ ဘက်ဟိုးကို ငှားရမ်းပြီး လမ်းဖောက်ကာ ခင်ဒူယန်ရွာဘက် ပြန်ခေါက်ကြပြီး အဲဒီရွာမှာပဲ ကားအကြီး/အသေး အားလုံး ၈ ရက်ကြာ နေခဲ့ရတယ်လို့ အထက်ပါ ကားသမားက ဆက်လက်ပြောပါတယ်။

ဖုန်ကျန်းကနေ အထွက် ဒေသခံတွေရဲ့ ဘက်ဟိုးငှားယူပြီး ပူတာအိုဘက် ပြန်ခေါက်ကြတာ။ ဘက်ဟိုးသာမရှိရင် ရှေ့တိုးလို့လည်း မရ၊ နောက်ဆုတ်လို့လည်းမရ ပိတ်မိနေမှာ။ ဆန်တွေ ကုန်လာတော့ ပူတာအိုဘက် ပြန်ခေါက်တာ။ “လို့ ပြောပါတယ်။

ဒါ့အပြင် ခင်ဒူယန်ရွာမှာ ခေတ္တနားနေနေတဲ့ ကားအသေး အစီး ၈၀ လောက်ဟာ ပူတာအိုမြို့ဘက် ပြန်ခေါက်နိုင်ပြီ ဖြစ်ပေမဲ့ ကားအကြီးတွေကတော့ ခင်ဒူယန်ရွာမှာပဲ ဆက်ရှိနေသေးတယ်လို့ သိရှိရပါတယ်။

ပူတာအိုမြို့ဘက် ပြန်ခေါက်လာကြတဲ့ ကားသမားအချို့ ပူတာအိုမြို့မှာပဲ ကားတွေကို ထားခဲ့ပြီး မြစ်ကြီးနားမြို့ဘက် လေယာဉ်နဲ့ ပြန်လာကြရတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုတွေ၊ မိုးရွာသွန်းမှုတွေကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်း တော်တော်များများမှာ မြေပြို၊ တံတားကျိုးတာတွေ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here