ဖေဖော်ဝါရီ၊ ၂၁
ပူတာအိုခရိုင်အတွင်းမှာနေထိုင်ပြီး စစ်ကောင်စီဆီ စစ်မှုမထမ်းလိုတဲ့ ပြည်သူတွေအနေနဲ့ ဘယ်သူမဆို ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ခိုလှုံနိုင်တယ်လို့ သိရပါတယ်။
လာရောက်ခိုလှုံတဲ့သူတွေကို စစ်မှုထမ်းခိုင်းမှာမဟုတ်ဘူးလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ပူတာအိုခရိုင်အတွင်းကပဲ လက်ခံသွားမှာပါ။ လက်ရှိချိန်ထိတော့ လူငယ်ပိုင်းပဲ ရောက်လာတယ်။ ခိုလှုံခွင့်နဲ့ ရောက်လာတဲ့ ဘယ်သူ့ကိုမဆို စစ်မှုထမ်းခိုင်းမှာ မဟုတ်ပါဘူးခင်ဗျ။” လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ လက်တစ်လုံးခြား ဥပဒေကို ဆန့်ကျင်သူ၊ မိဘပြည်သူ ဘယ်သူမဆို ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ လာရောက်ခိုလှုံနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်က ရေးဆွဲခဲ့တဲ့ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဥပဒေကို အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တာဖြစ်ပြီး စိုးရိမှုတွေရှိနေတဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် အခုလို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေအရ နိုင်ငံသားတိုင်း အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီးတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိ အမျိုးသားတိုင်း စစ်မှုထမ်းရမှာဖြစ်တယ်လို့ သတ်မှတ် ပြဌာန်းထားတာပါ။
ခိုလှုံလိုသူတွေအနေနဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာအကောင့်ဖြစ်တဲ့ Kagabu People’s Force – Kàgvbù M. Cìldap မှာ သွားရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။







