ဒီဇင်ဘာ၊၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ္မတူမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာမှူးအခြချကွပ်ကဲနေတဲ့ တပ်စခန်းကို တအောင်းတပ်မတော်( PSLF/TNLA) က အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတပ်စခန်းမှာ စစ်ကောင်စီရဲ့ စစ်ဗျူဟာ-၂ လက်အောက်ခံ ခမရ-၃၂၄၊ ခလရ-၂၅၆ တပ်တွေကနေ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားပြီး တအောင်းတပ်မတော်က ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာမှာ ခမရ-၃၂၄ ဗျူဟာကုန်းအပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
နမ္မတူမြို့က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့အချိန် စစ်ကောင်စီတပ်ဘက်က Jet Fighter နဲ့ ၂၅ ကြိမ် ၊ Y12 လေယာဥ်နဲ့ ၂၇ ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi 35 နဲ့ ၉ ကြိမ် ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ခမရ-၃၂၄ တပ်စခန်းက နမ္မတူမြို့အတွင်းကို ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၉၃ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး Mi17 ထောက်ပို့ယာဥ်နဲ့ စစ်ကူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို နမ္မတူစခန်းကုန်းမှာ၂ ကြိမ် ထောက်ပို့ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စခန်းသိမ်းတိုက်ပွဲ ၄ ရက်တာ ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆၁ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၂၁၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၉၃ ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နမ္မတူမြို့နယ် ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိပြီးတော့ ဗလီကျောင်း၊ ဘာသာရေးအဆောက်အဦ၊ ဘုရားကျောင်းကန်နဲ့ လူနေအိမ် ၇ လုံး လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးပြီး လူနေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီးတော့ တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ စစ်သုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
၁၀၂၇ စဆင်ရေးစတင်ပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ တအောင်းတပ်မတော် (PSLF/TNLA) က နမ့်ဆန်မြို၊ နမ့်ခမ်းမြို၊ မန်တုံမြို၊ မိုင်းလုံမြိုတွေကို သိမ်းပိုက်ခဲ့ပြီးနောက် ပဥ္စမမြောက်မြိုအဖြစ် နမ္မတူမြိုကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လိုလည်း သိရပါတယ်။







