ဇူလိုင်၊ ၂၃
စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် လေးရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သလို နေအိမ် ၉ လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ တအောင်းတပ် (TNLA) က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၄ ရက်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ဆိုထားတာပါ။
ဇူလိုင် ၁၉ ရက်နေ့က ကျောက်မဲမြို့ အင်ကြင်းတောင်အထက်မှာ စစ်ကောင်စီရဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ် ၆ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းကလည်း ကျောက်မဲမြို့ဒေသခံ ၄ ဦး ဆိုင်ကယ်မောင်းနှင်လာတဲ့အချိန် ဂိတ်စောင့်စစ်ကောင်စီတပ်က တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံး ခဲ့သလို အဲဒီဒေသခံ ၄ ဦးရဲ့ရုပ်အလောင်းတွေကိုလည်း အခင်းဖြစ်ပွားတဲ့ လမ်းနံဘေးမှာ စွန့်ပစ် ထားခဲ့တယ်လို့ ဆိုထားပါတယ်။
ဇူလိုင် ၂၁ ရက်နေ့မှာတော့ ကျောက်မဲမြို့ နမ့်တုံရပ်နဲ့ ရပ်ကွက် ၈ မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး လက်နက်ကြီးစ ထိမှန်သေဆုံးသွားခဲ့သလို အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မနေ့က ဇူလိုင် ၂၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်ပဲ ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ကျေးရွာမှာ ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၂ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ နောင်ချို ရွှေပြည်ညွန့်လမ်းအနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သလို ရှောက်ခြုံကျေးရွာနဲ့ ကံကြီးကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီးတော့ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင် ၂၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားတဲ့ ၂၈ ရက်တာအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၀၉ ဦးသေဆုံးပြီးတော့ ၁၃၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။







