ဇူလိုင်၊၂၃
အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် စစ်ကောင်စီကနေ ပြန်လည်ထန်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မနေ့က ဇူလိုင်လ ၂၂ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဧပြီ ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီးနောက် ပြန်လည်ခေါ်ဆောင်သွားတာလည်း ဖြစ်ပါတယ်။
လွတ်မြောက်လာပြီးနောက် ၂၄ နာရီမပြည့်ခင်မှာပဲ မြစ်ကြီးနားအကျဉ်းထောင်မှာရှိတဲ့ ဧည့်ရိပ်သာမှာ သုံးလကျော်ကြာ ပြန်လည် ထိန်းသိမ်းခံထားရတာပါ။
မနေ့က ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ အထက်အမိန့်နဲ့ဆိုပြီး ပြန်လည်လွတ်မြောက်လာပြီလို့ ဆရာကြီးနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“မနေ့က ၁၁ ခွဲက လွတ်ပြီ။ ဘာမှစစ်ဆေးတာမရှိဘူး။ ခေါ်ထားတာကနေ အထက်က အမိန့်နဲ့ လွှတ်ပြီဆိုပြီး လွှတ်လိုက်တာပေါ့။“လို့ ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က ချမှတ်ခံလိုက်ရတာပါ။
၂၀၂၄ ခုနှစ် မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာတော့ စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးအသီးက အကျဉ်းသူ/သား ၃,၀၀၀ ကျော်ကိုလွှတ်ပေးတဲ့အထဲ မြစ်ကြီးနားအကျဉ်းထောင်မှာ ကျခံနေရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။