ဇူလိုင်၊၂၂
မိုးကုတ်မြို့(အရှေ့ပိုင်း) ပန်မထိပ်ရွာအနီးနဲ့ အကျဉ်းထောင်က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်တဲ့အချိန် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း ၂၀ ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
TNLA နဲ့အတူ PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ငယ် ၅ လက်၊ ဒရုန်း ၁ စင်းနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားတာပါ။
အလားတူ တပ်မဟာ(၂) နယ်မြေ နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို MDY-PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဆက်လက်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း TNLA က ဆိုပါတယ်။
ဒီကနေ့နေ့လယ် ၁ နာရီခန့်အချိန်မှာ နောင်ချိုမြို့နယ် တဲခေါ်ရွာက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နယ်က အေးရှားဝေါဂိတ်နဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံရှင်းလင်း တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။