ဩဂုတ်၊၁၅
ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၊ ထီခကြိုးပြင်ကာကွယ်တောတစ်ဝိုက်မှာ ရွှေအလွန်အကျွံ တူးဖော်နေကြတဲ့အတွက် ရေနောက်တာနဲ့ ပတ်ဝန်းကျင်ပျက်စီးတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထီခချောင်းအနီးက ထီခကြိုးပြင်ကာကွယ်တောတစ်ဝိုက်ကနေ အလန်ဂါးကျေးရွာအထိ တူးဖော်နေတာဖြစ်ပြီး ကုမ္ပဏီတွေသာမက အနီးနားရှိ ကျေးရွာတွေထဲက ဒေသခံတွေလည်း ကုမ္ပဏီဘက်ဟိုးတွေ ဝင်ပြီးတဲ့နေရာမှာ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီနားကျေးရွာက ဒေသခံတွေလည်း အရမ်းတူးကြတယ်တဲ့။ သူတို့(ကုမ္ပဏီ) ရဲ့ ဘက်ဟိုတွင်းတွေမှာ အလုအယက်တူးပြီး မိသားစုစားဝတ်နေရေးအတွက် အနည်းအကျဉ်း အဆင်ပြေနေကြတယ်တဲ့။ ဘယ်သူမှ ခွင့်ပြုချက်မပေးလည်း တူးနေကြတယ်။”လို့ ဒေသခံက ဆိုပါတယ်။
ထီခချောင်းဘက်ကိုသွားတဲ့ လမ်းတွေမှာလည်း ကုမ္ပဏီရဲ့ ဘက်ဟိုးတွေနေ့စဉ်သွားလာနေတဲ့အတွက် ပျက်စီးနေပြီး သွားလို့တောင်မရတော့တဲ့ အခြေအနေကို ရောက်နေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကျေးရွာက ဒေသခံတွေကလည်း အားလုံးဝိုင်းကန့်ကွက်ကြရမယ်ဆိုတဲ့ သူတွေကလည်းမပါ။ အဲဒီတူးတဲ့နေရာမှာ ဟိုလူတွေ(ကုမ္ပဏီ)နဲ့ဝေစားမျှစာလုပ်တဲ့ လူတွေပဲပါတယ်ထင်တယ်”လို့ ဒေသခံက ဆိုပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် ကုန်ဈေးနှုန်းတွေလည်း နေ့စဉ်နဲ့အမျှတက်နေပြီး ဒေသခံတွေအနေနဲ့ ရွှေကိုပဲ ဦးတည်ပြီး လုပ်ကိုင်နေတာကြောင့် စားဝတ်နေရေး ပြေလည်ပေမဲ့ တစ်ဖက်မှာတော့ သဘာဝပတ်ဝန်းကျင်တွေ အတော်များများ ထိခိုက်ပျက်စီးနေပြီဖြစ်တယ်လို့လည်း ပြောဆိုနေကြတာပါ။
ထီခကြိုးပြင်ကာကွယ်တောဧရိယာအတွင်းက ကုန်းမြေတွေကိုသာမက ချောင်းတစ်လျှောက်နဲ့ ချောင်းအတွင်းပိုင်းအထိ ရွှေတူးလို့ရတဲ့နေရာတွေမှာ အားလုံးနီးပါးတူးဖော်လိုက်ကြပြီလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဝင်လာတဲ့ ကုမ္ပဏီတွေကို ၂၀၂၂ ခုနှစ်ဒီဇင်ဘာလမှာ အနီးအနားတစ်ဝိုက်က ဒေသခံတွေကနေ ရပ်ဆိုင်ပေးဖို့တောင်းဆိုခဲ့ကြပေမဲ့ အခုထိ ဆက်လက်တူးဖော်နေကြဆဲ ဖြစ်တဲ့အပြင် ပိုမိုတိုးချဲ့တူးဖော်နေကြတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသရဲ့ ရွှေတူးဖော်လို့ရတဲ့ နေရာအားလုံးနီးပါးမှာ ကုမ္ပဏီကြီးတွေ ဝင်ရောက်လာပြီး ရွှေတူးဖော်ခဲ့ကြတာဖြစ်တဲ့အတွက် အခုအချိန်မှာ ချောင်းရေတွေနဲ့ ပတ်ဝန်းကျင်တွေ အများအပြား ပျက်စီးနေရပြီလို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။