ဇန်နဝါရီ၊ ၁၉
ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တအာင်းတပ်(TNLA)ရဲ့ ထိပ်သီးအရာရှိတွေဟာ သူတို့သိမ်းပိုက်နိုင်ခဲ့တဲ့မြို့တွေကို သွားရောက်ကြည့်ရှုတဲ့အကြောင်း ၃ ရက်ဆက်တိုက် ထုတ်ပြန်လာပါတယ်။
သွားရောက်ကြည့်ရှုတဲ့ နေ့ရက်တွေကိုတော့ မဖော်ပြထားပေမဲ့ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ နမ္မတူမြို့တို့ကို သွားရောက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်ရေး “ဟိုင်ဂင် သဘောတူညီမှု” ကို စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြား သဘောတူခဲ့ကြပါတယ်။
အဲဒီမတိုင်ခင်ကတော့ TNLA ဟာ ရှမ်းမြောက်ဒေသက မိုင်းလုံ၊ မိုင်းငေါ၊ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံနဲ့ ကွတ်ခိုင်မြို့တို့ကို သိမ်းပိုက်ထားပြီးပါပြီ။
သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ TNLA ရဲ့ ထိပ်သီးအရာရှိတွေက သူတို့သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မြို့တွေထဲက ၃ မြို့ကိုသွားရောက် ကြည့်ရှုတဲ့အကြောင်း ၃ ရက်ဆက်တိုက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်
ပါတယ်။
TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့နယ်မှာ တရားမျှတမှုရှိတဲ့ ဥပဒေတွေ ရေးဆွဲပြီး ဒေသခံတိုင်းရင်းသားလူမျိုးမခွဲခြားဘဲ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ်ကို ဖော်ဆောင်သွားမယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့က ကတိပေးပြောဆိုထားပါတယ်။







