မေ၊၆
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာရှိ လုပ်ကွက်ဟောင်းတွင် မြေစာပြိုကျမှု ဖြစ်ပွားပြီး အသက် (၂၀) ကျော် အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
နမ့်မှော်ကျေးရွာရှိ ရတနာစန်းရွှင် လုပ်ကွက်အဟောင်းတွင် ယနေ့ နံနက် (၈) နာရီကျော်အချိန်ခန့်က (၅) ယောက်အဖွဲ့ ကျင်းတူးရာတွင် မြေပြိုကျမှု ဖြစ်၍ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သည့် အသက် (၂၈) နှစ်အရွယ် ကိုမိုးကျော် နှင့် ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သည့် အသက် (၂၇) နှစ်အရွယ် ကိုရွှေထီးတို့ သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ဆေးကုသမှုခံယူနေကြောင်း ပရဟိတ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ မနက်ပိုင်းလောက်မှာ ပြိုသွားတာ။ ငါးယောက်ကျင်းဆိုတော့ သုံးယောက်ကတော့ ဒဏ်ရာ နည်းနည်းပဲ ရတယ်။ နှစ်ယောက်ကတော့ ဆုံးသွားတာပေါ့။ နှစ်ယောက်ကတော့ ရွာဆေးခန်း နဲ့ ရတယ် တစ်ယောက်ကတော့ ဖားကန့် ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်။ အရမ်းတော့ မပြင်းထန်ဘူး” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုသည်။
သေဆုံးသူအမျိုးသား နှစ်ဦး၏ရုပ်အလောင်းကို ဖားကန့်မြို့ ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် ပို့ဆောင်ထားပြီဖြစ်ကြောင်းလည်း သိရသည်။
ဒါ့အပြင် မနေ့က မေလ (၅) ရက်နေ့တွင်လည်း ကောင်ဆန်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။







