ဇန်နဝါရီလ၊ ၁၀
မြန်မာနိုင်ငံအနှံ့ နေရပ်စွန့်ခွာသူဦးရေ ၂ ဒဿမ ၆ သန်းကျော်ရှိလာပြီဖြစ်ပြီး ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေး ဗဟိုရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၇ သန်းကို လာမယ့်သီတင်းပတ်တွေမှာ ပဋိပက္ခဒဏ်ခံရသူတွေထံ အကူအညီပေးဖို့ ချထားပေးမှာြဖစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ United Nations OCHA Myanmar က ထုတ်ပြန်လိုက်ပါတယ်။
ဒီအကူအညီတွေဟာ နေရပ်စွန့်ခွာသူတွေရဲ့ လိုအပ်ချက်များစွာထဲက အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အခြားတုံ့ပြန်ကူညီဖို့တွေ ကျန်ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံတစ်ဝန်းက နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ သူတို့ရွှေ့ပြောင်းနေထိုင်ရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေကို အရေးပါတဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပံ့ပိုးနိုင်ဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင့် ဆော်ဩထားပြီး ဖြစ်တယ်လို့ UNOCHA Myanmar က ဖော်ပြပါတယ်။
ဒီရန်ပုံငွေဟာ ခန့်မှန်းခြေ ဦးတည်လူဦးရေ ၅ ဒဿမ ၃ သန်းအတွက် အသက်ကယ်အကူအညီတွေနဲ့ အရေးပါတဲ့ အခြေခံဝန်ဆောင်မှုတွေ ပံ့ပိုးဆောင်ရွက်မယ့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အရေးတကြီး လိုအပ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
နိုင်ငံအနှံရှိ လက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ စစ်ကောင်စီ တို့ရဲ့ အောက်တိုဘာလနှောင်းပိုင်းကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များစွာတို့မှာ နေရပ်စွန့်ခွာရသူဦးရေတိုးလာနေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေများလာနေတယလို့လည်း ဆိုပါတယ်။
မနှစ်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မရှိမဖြစ်လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ သန်းရဲ့ ၂၉ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိခဲ့ပေမဲ့လည်း ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက လူမှုကယ်ဆယ်ရေးအကူအညီတွေကို လူဦးရေ ၃ ဒဿမ ၁ သန်းအတွက် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။







