မတ်၊ ၂၅
မြန်မာ့ဒီမိုကရေစီအရေးကို အားပေးမယ့် ကိစ္စတွေအပါအဝင် အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ်အတွက် အသုံးစရိတ်ကို သမ္မတဂျိုးဘိုင်ဒန်က မြန်မာစံတော်ချိန် မတ်လ ၂၄ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
အမေရိကန်အစိုးရအသုံးစရိတ် ၁ ဒဿမ ၂ ထြီလျံသုံးမယ့် ဥပဒေထဲမှာ မြန်မာနိုင်ငံအတွက် အသုံးပြုမယ့်ငွေကတော့ Burma Act ဆိုတဲ့ ဥပဒေခေါင်းစဉ်အောက်ကနေ အခုနှစ်အတွက် ဒေါ်လာ ၁၂၁ သန်းခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
“၁၂၁ သန်းရပါပြီ။ သမ္မတ လက်မှတ်ရေးထိုးလိုက်ပါပြီ။“ လို့လည်း လော့စ်အိန်ဂျယ်လစ် မြန်မာလှုပ်ရှားမှု (LA2M) အဖွဲ့တာဝန်ခံ ဦးဂျိမ်းရွှေက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အမေရိကန်က မြန်မာ့အရေးအတွက် ကူညီဖို့ငွေကြေးပမာဏကိုတော့ ၂၀၂၃ ခုနှစ်ကတည်းက အမေရိကန် အထက်လွှတ်တော်က ၁၂၁ သန်းအထိ သဘောတူခဲ့ပေမဲ့ အောက်လွှတ်တော်ကတော့ သန်း ၅၀ အထိပဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးကနေ အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို စာပို့တာအပြင် တွေ့ဆုံတောင်းဆိုခဲ့ကြတယ်လို့လည်း ဦးဂျိမ်းရွှေက ဆိုပါတယ်။
မြန်မာအတွက် အသုံးပြုမယ့်ငွေတွေကိုတော့ လူသာချင်းစာနာမှုဆိုင်ရာအကူအညီတွေ၊ စစ်ကောင်စီကိုတော်လှန်နေတဲ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကို လက်နက်မဟုတ်တဲ့အကူညီတွေ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
Burma Act ကိုတော့ အမေရိကန်ကလွှတ်တော်က ၂၀၂၂ ခုနှစ်မှာ စတင်အတည်ပြုခဲ့တာဖြစ်ပြီး ဒီဥပဒေအရ မြန်မာနိုင်ငံကို ၂၀၂၇ အထိ နှစ်တိုင်း ဒေါ်လာ သန်း ၅၀ စီ အကူအညီပေးသွားမှာဖြစ်ပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ ၁၂၁ သန်းထိ ခွင့်ပြုပေးသွားမယ့်အကြောင်း ပမာဏအတိအကျနဲ့ ပါဝင်လာတာဖြစ်ပါတယ်။







