ဒီဇယ်စျေးမြင့်တက်မှုကြောင့် လုံရှယာန်ဒေသခံများ စပါးစိုက်ပျိုးမှုရပ်နားထားရ

495
လုံရှာယာန်

ဇွန်၊၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာတွင် ယခုနှစ် ဒီဇယ်ဆီ ဈေးနှုန်း မြင့်တက်နေမှုကြောင့် စပါးစိုက်ပျိုးမှု ရပ်နားထားသည့် အိမ်ခြေ(၃၀)ထက်မနည်း ရှိနေကြောင်း သိရသည်။

လက်ရှိ ယင်းကျေးရွာအတွင်း ဒီဇယ် တစ်ဂါလံကို(၂)သောင်း ဝန်းကျင် ပေးနေရသောကြောင့် ယခင် လယ်လုပ်သည့် တောင်သူအချို့ ဝယ်ယူရန် ငွေကြေးမတတ်နိုင်ဘဲ ရပ်နားထားကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီဇယ် တစ်ဂါလံ(၁၈၀၀၀)ဆိုတော့ လယ်ထွန်တဲ့ သူတွေ အရမ်းခက်နေတယ်။ (၂၀၀၀၀)အဲဒီလောက်ရှိတယ်။ တချို့ဆိုင်တွေက ပြတ်တာတွေ ရှိတယ်။ ပေပါလိုက်မရောင်းပေးဘူး။ နဂါးပုံးနဲ့ပဲ ရောင်းပေးတာ။ တချို့က မဝယ်နိုင်တော့ လယ်မထွန်တဲ့ သူတွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခင်နှစ်က ဒီဇယ်တစ်ဂါလံကို ကျပ် (၅)ထောင်သာ ကျသင့်ရာကနေ ယခုနှစ်တွင် ဈေးအဆမတန် မြင့်တကက်လာ၍ လယ်မလုပ်သူများလာသောကြောင့် လာမည့်နှစ်များတွင် ဆန်စပါး ရှားလာမည့် အဖြစ်နှင့် ကြုံ‌တွေ့လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

“မနှစ်ကတော့ ဒီဇယ် ဓာတ်ဆီ တစ်ဂါလံ အလွန်ဆုံး(၅၀၀၀)ပဲ။ အခုက (၁၈၀၀၀)ဆိုတော့ လာမယ့်နှစ်တော့ လုံရှာယန်မှာ စားဆန် ရှားလာမယ့် အနေအထား ဖြစ်နေတယ်။အရင်တုန်းကဆို ပူတာအို သွားလမ်းတွေမှာ လယ်စိုက်နေပြီ အခုက ခြောက်ကပ်နေတာပဲ”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

လုံရှာယန် ကျေးရွာအတွင်း ယခင်နှစ်များကအိမ်ခြေ(၈၀)ဝန်းကျင် လယ်လုပ်ကြရာကနေ ယခုနှစ်တွင် ဆီဈေး မတတ်နိုင်သောကြောင့် အိမ်ခြေ(၃၀)ဝန်းကျင် လယ်လုပ် ရပ်နားထားရခြင်း ဖြစ်သည်။

အိမ်ခြေ(၈၀၀)ဝန်းကျင် ရှိသည့် လုံရှာယန် ကျေးရွာ၌ ဧပြီလ(၂)ရက်နေ့က စစ်ကောင်စီတပ် တပ်မ(၈၈)မှ တပ်သား(၁၀၀)ဝန်းကျင် ရွာအတွင်းက ပြည်သူ‌များ၏ နေအိမ်‌များ၊ နှစ်ခြင်း ဘုရားကျောင်း၊ မူကြိုကျောင်း အစရှိသည့် နေရာများတွင် တပ်စခန်းချ နေထိုင် ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here