တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နမ့်ဖတ်ကာကျေးရွာက နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ အခက်အခဲဖြစ်နေ

175
ဓါတ်ပုံ- နမ့်ဖတ်ကာ KBC

ဖေဖော်ဝါရီ၊၁၇

တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာက ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့အတွက် ငွေရေးကြေးရေးခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နမ့်ဖတ်ကာကျေးရွာက နေအိမ်အလုံးပေါင်း ၇၀၀ ကျော် နေလို့မရတော့တဲ့အထိ ထိခိုက်ပျက်စီးသွားပြီး ငွေရေးကြေးမတတ်နိုင်တာကြောင့် မိုးကာတဲနဲ့ နေထိုင်နေရတယ်လို့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” တချို့အရင်ကတည်းက ပိုက်ဆံရှိတဲ့သူတွေကတော့ ပြင်ဆင်နေတာရှိတယ်။ ကျန်တဲ့ သူတွေတော့ မလုပ်နိုင်သေးဘူး။ တချို့ဆိုရင် ဘာမှမလုပ်နိုင်သေးလို့ မိုးကာတဲတွေနဲ့ နေကြတယ်။” လို့ ဒေသခံက ဆိုပါတယ်။

တိုက်ပွဲအတွင်း ကျေးရွာမှာရှိတဲ့ နေအိမ် သုံးပုံ နှစ်ပုံလောက် ကျည်တွေထိမှန်ခဲ့တာဖြစ်ပြီး ရပ်ကွက် ၂၊ ရပ်ကွက် ၃ ၊ ဇီးဒဘန်၊ မနောင်ယန် စတဲ့ရပ်ကွက်တွေဘက်မှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့ စစ်ရှောင်ရာကပြန်လာတဲ့ ဒေသခံတွေမှာ ငွေရေးကြေးရေးခက်ခဲပြီး အလုပ်အကိုင်တွေလည်း အဆင်မပြေသေးတဲ့အတွက် ခက်ခဲမှုတွေ ရှိနေတယ်လို့ နောက်ထပ် နမ့်ဖတ်ကာဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“အားလုံးက သုညကနေ ပြန်စရတဲ့ဘဝလိုဖြစ်နေတော့ စားဝတ်နေရေးတောင်မှ အနိုင်နိုင်ဖြစ်နေကြတာပေါ့။ စစ်ရှောင်တဲ့ တစ်လကျော်အဲဒီကာလမှာ ဝင်ငွေဆိုပြီး ဘာမှမရှိဘူး။ အလုပ်အကိုင်ကလည်း အဆင်မပြေပါဘူး လောလောဆယ်တော့။”လို့ အထက်ပါဒေသခံက အခက်အခဲကို ရှင်းပြပါတယ်။

စစ်ရှောင်နေတဲ့ကာလအတွင်း ဝင်ငွေမရှိ ထွက်ငွေသာရှိနေခဲ့တဲ့ နမ့်ဖတ်ကာဒေသခံတွေဟာ ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်ဖို့ထက် မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့အတွက်ကို ဦးစားပေးနေရတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံအများပိုင်း ပြန်လာနေကြပြီဖြစ်တဲ့ နမ့်ဖတ်ကာကျေးရွာမှာ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ နမ့်ဖတ်ကာမြို့ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းပြီးတော့ အုပ်ချုပ်ရေးပိုင်း ဆောင်ရွက်နေသလို ကော်မတီအသီးသီးဖွဲ့စည်းပြီး သက်ဆိုင်ရာ စည်ပင်၊ဆေးရုံ၊မီးပေးရေး စသဖြင့် ဖွဲ့စည်းထားတဲ့ ကော်မတီတွေကနေ ပြန်လည် လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ပြောင်းစိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းရောင်းချတာ စတဲ့လုပ်ငန်းတွေ လုပ်ကိုင်ကြတာဖြစ်ပေမဲ့ လတ်တလောမှာတော့ အခြေခံစားသောက်ကုန် ရောင်းဝယ်တာကလွဲလို့ တခြားလုပ်ငန်းတွေ မလုပ်ကိုင်နိုင်သေးဘူးလို့ ဆိုပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ ဒီဇင်ဘာလ နောက်ဆုံးအပတ်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ KIA က သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here