ကားခ တစ်ယောက်နှစ်သိန်းကျော်ကျမယ့်ခရီးကို စစ်ရှောင်တွေအတွက် “ဝ” က အခမဲ့ပို့ဆောင်ပေးနေ

263

 

နိုဝင်ဘာ၊ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသကလာတဲ့ စစ်ဘေးရှောင်တွေကို “ဝ”ဒေသ နမ့်တစ်မြို့ကနေ သူတို့သွားချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် “ဝ”နယ်စပ်ဂိတ်တွေအထိ အခမဲ့ပို့ဆောင်ပေးနေတယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က သိရပါတယ်။

လူတစ်ယောက်ချင်းစီအတွက် UWSP က ကုန်ကျစရိတ်ကို မသိပေမဲ့ ပုံမှန်ဆိုရင်တော့ “ဝ”ဒေသ အရှေ့မြောက်ပိုင်း နမ့်တစ်မြို့ကနေ တခြားဂိတ်တွေကိုသွားရင် လိုင်းကားဈေးဟာ တစ်ယောက်ကို မြန်မာငွေ ကျပ်နှစ်သိန်းကျော် ကုန်ကျတယ်လို့ UWSP ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဓာတ်ပုံ – “ဝ” ဒေသအတွင်း ရောက်လာသည့် စစ်ဘေးရှောင်များ/ WSTV

ဒီနေ့မနက်မှာလည်း စစ်ဘေးရှောင် ၁၅၀၀ လောက်ကို နမ့်တစ်မြို့ကနေ “ဝ” ဒေသရဲ့ တောင်ဘက်မြို့ဖြစ်တဲ့ မန်မန်းဆိုင် “ဝ” ဂိတ်အထိ ကားကြီးအစီးရေ ၃၀ နဲ့ ပို့ဆောင်ပေးနေပြီး ဒီနေ့ညနေပိုင်းလောက်မှာ ရောက်ရှိမယ်လို့ သိရပါတယ်။

မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းကလည်း နမ့်တစ်မြို့ကနေ ကားကြီး ၂၄ စီးနဲ့ စစ်ဘေးရှောင် ၁၃၀၀ ကျော်ကို “ဝ” ဒေသရဲ့ အရှေ့တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ မိုင်းယန်းမြို့နယ်အထိ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့ကစခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် “ဝ” ဒေသကို ရောက်လာတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာလည်း လေးသောင်းလောက်ရှိသွားပြီလို့ သိရပါတယ်။

အဲဒီထဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်သွားသူတွေက တစ်သောင်းကျော်၊ “ဝ” ပြည်ပြင်ပအထိ ပို့ပေးခဲ့ရသူ တစ်သောင်းကျော်၊ “ဝ” ဒေသထဲ ခိုလှုံနေတဲ့သူ တစ်သောင်းကျော်နဲ့ စစ်ရှောင်စခန်းမှာ နေတဲ့သူ ၅၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ နေတဲ့သူတွေကိုလည်း “ဝ”အဖွဲ့အနေနဲ့ နေစရာ၊ စားစရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အခမဲ့ကူညီပေးနေတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ကိုးကန့်ဒေသကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပြီး တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လောက်ကိုင်မြို့ကို ပိတ်ဆို့ထားပါတယ်။

ဒါကြောင့် လောက်ကိုင်မြို့မှာ ပိတ်မိတဲ့ပြည်သူတွေရှိနေသလို လောက်ကိုင်ကနေ ထွက်လာတဲ့သူတွေထဲမှာလည်း လမ်းမှာလက်နက်ကြီးထိလို့ သေဆုံးသူတွေရှိနေပါတယ်။

ဓာတ်ပုံ – “ဝ” ဒေသအတွင်း ရောက်လာသည့် စစ်ဘေးရှောင်များ/ WSTV

 

LEAVE A REPLY

Please enter your comment!
Please enter your name here