ဇန်နဝါရီ၊၁၀
ကချင်ပြည်နယ်၊ မိုးမောက်မြို့က စစ်ရှောင်စခန်းမှာရှိတဲ့ ဝဝမ်ကွန်ဘန်ဒေသခံတွေဟာ မူလကျေးရွာအတွင်း ပြန်နေနိုင်တာမျိုး မရှိသေးတဲ့အတွက် နေအိမ်က ပစ္စည်းခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်သွားကတည်းက လက်ရှိအချိန်ထိ ကျေးရွာထဲ သေချာသွားနေနိုင်တာ မရှိတာကြောင့် နေအိမ်တွေမှာ သူခိုးဝင်ပြီး အိုးခွက်တွေကအစ ခိုးယူခံရတာတွေ ရှိနေတယ်လို့ ဝဝမ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ချောင်ဘက်ကျတော့ သူခိုးလည်းတအားဝင်တယ်။ ပစ္စည်းတွေလည်း အားလုံးယူသွားကြတယ်။ အဝတ်အစားကောင်းတာတွေအထိခိုးတယ်။ အိုးခွက်တွေထိ ခိုးယူကြတယ်။ကြက်တွေလည်း ခိုးစား ၊ ခိုးယူတာတွေလည်း အရမ်းကြုံရတယ်။” လို့ဒေသခံက ဆိုပါတယ်။
ကျေးရွာအတွင်းက ကားလမ်းနဲ့နီးတဲ့ နေအိမ်တွေဘက် ပြန်လို့ရပေမဲ့ ကြက်၊ဝက် အစာကျွေးတာနဲ့ နေအိမ်သွားကြည့်တာတွေပဲ သွားရောက်လုပ်ကိုင်နိုင်တဲ့ အခြေအနေဖြစ်နေတာလို့ ဆိုပါတယ်။
နေအိမ်မှာ အချိန်ပြည့်လူမရှိနိုင်တဲ့အတွက် မီးကြိုးဖြုတ်ယူခံရတာတွေလည်း ရှိနေပြီး စားဝတ်နေရေးခက်ခဲတဲ့ကြား ပစ္စည်းခိုးယူခံရတာတွေကြောင့် ပိုပြီး အကျပ်အတည်းကြုံတွေ့ရတယ်လို့ နောက်ထပ် ဝဝမ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“သူခိုးလည်းစောင့်ရတယ်။ မီးကြိုးတွေလည်း ဖြတ်ယူတာနဲ့ ကျွန်တော်တို့ အရမ်းခက်ခဲတယ်။ အခုက တောင်ယာမခုတ်စားနိုင်တော့ အဝေးဘက်ငွေရှာထွက်တဲ့သူကထွက် တတ်နိုင်သလို ဈေးသည်တွေလုပ်ပြီး ရှာစားနေတာပေါ့။” လို့ လက်ရှိကြုံနေရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးကတည်းက စစ်ကောင်စီတပ်တွေကလည်း အခုအချိန်ထိ ကျေးရွာနဲ့ ၂ ဖာလုံလောက်ဝေးတဲ့နေရာက တောင်မှာ တပ်စွဲနေရာယူထားသလို ဗန်းမော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေလည်း ရွာစွန်တွေမှာ ကျရောက်တာမျိုး ရှိနေဆဲဖြစ်တဲ့အခြေအနေကြောင့် နေရပ်မပြန်ရဲကြတဲ့ အခြေအနေဖြစ်နေတာပါ။
တောင်ယာ အများစုလုပ်ကိုင်စားသောက်ကြတဲ့ ဝဝမ်ဒေသခံတွေဟာ တိုက်ပွဲနောက်ပိုင်း တောင်ယာမလုပ်ကိုင်နိုင်တော့သလို မပေါက်ကွဲသေးတဲ့ လက်နက်တွေလည်း ရှိနေသေးတာကြောင့် တောထဲသွားလို့မရတော့တဲ့ အခြေအနေလည်း ကြုံတွေ့နေရတာလို့ ဆိုပါတယ်။
ဝဝမ်ကျေးရွာမှာ အိမ်ထောင်စု ၁၀၄ စုရှိပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KIA တို့ရဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးမောက်မြို့ပေါ် တိမ်းရှောင်သွားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ရှောင်စခန်း ၄ နေရာမှာ ခွဲပြီးနေထိုင်နေကြတယ်လို့ သိရပါတယ်။







