ဆရာခွန်ဂျော်လီသေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေလိုကြောင်း ဇနီးဖြစ်သူတောင်းဆို

166

 

ဧပြီ၊၅

နမ္မတီးလမ်းခွ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) အမှုတော်ဆောင်ဟောင်း ဆရာခွန်ဂျော်လီ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံဖမ်းမိတာ မရှိသေးတဲ့အတွက် အမှုမှန်ပေါ်ပေါက်ဖို့ ဝိုင်းဝန်း ဆုတောင်ပေးစေလိုတယ်လို့ ဇနီးဖြစ်သူက တောင်းဆိုပါတယ်။

အခင်းဖြစ်တဲ့နေ့က နမ္မတီးရဲစခန်းဘက်ကနေ အမှုစစ်ချက်တွေ ယူပေးတာမျိုး ရှိခဲ့တဲ့အပြင် တရားခံတွေကို ဝိုင်းဝန်းကူရှာတာတွေ ရှိခဲ့ပေမဲ့ အမှုမှန်ပေါ်ပေါက်လာခြင်းတော့ မရှိသေးဘူးလို့ ဇနီးဖြစ်သူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ရဲစခန်းဘက်က စုံးစမ်းတာလည်း တစ်ကဏ္ဍပေါ့။ လူလည်း ရှာပေးကြပါတယ်။ အမှုမှန်ပေါ်ပေါက်တဲ့အချိန်အထိ နေ့တိုင်းဆုတောင်းနေမယ်။ စုံစမ်းဖို့တော့ ခက်မယ်။ ဒါပေမဲ့ ဘုရားက လမ်းပြမယ်ဆိုတာ မျှော်လင့်တယ် “လို့ ဆိုပါတယ်။

ဆရာခွန်ဂျော်လီဟာ မတ်လ ၁၈ ရက်နေ့တုန်းက သူ့ရဲ့ “ဂျန်ဂါး(Jan Ga)”မိတ္တူဆိုင်အတွင်း ရှိနေချိန် အမည်မသိ လက်နက်ကိုင်လူသုံးဦး ဆိုင်ကယ်နဲ့ ရုတ်တရက်ရောက်ရှိလာပြီး သေနတ်နဲ့ ငါးချက်ပစ်ခတ်ခဲ့တာကြောင့် အသက်ဆုံးရှုံးသွားရတာ ဖြစ်ပါတယ်။

ဆရာခွန်ဂျော်လီ သေဆုံးသွားတာ သုံးပတ်လောက်ရှိလာပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ တရားခံတွေကို ဖမ်းဆီးနိုင်တာ မရှိသေးတဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိသေးပါဘူး။

နမ္မတီးဒေသခံပြည်သူတစ်ဦးကလည်း ဆရာခွန်ဂျော်လီကို လုပ်ကြံသတ်ဖြတ်သွားတဲ့ တရားခံတွေကို အမြန်ဆုံး ဖမ်းမိဖို့ လိုလားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆရာသေဆုံးခဲ့တဲ့ အချိန်နာရီကို ရည်စူးပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် နေ့စဉ်ဆုတောင်းနေတဲ့အပြင် ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းဆုတောင်းကူပေးကြဖို့ ပြောကြားလိုတယ်လို့ ဆရာခွန်ဂျော်လီရဲ့ ဇနီးသည်က ဆက်လက်ပြောပါတယ်။

နေ့လယ် ၁၂ နာရီ မိနစ် ၃၀ နဲ့ ၃၅ ကြားမှာ ဆရာခွန်ကျော်လီကို လာပစ်သတ်သွားတဲ့အတွက် သူအသက်ထွက်သွားတဲ့ အချိန်ကို ရည်စူးပြီး ဆုတောင်းကူဖို့ပေါ့။ ဆုတောင်းတဲ့ အချိန်မှာလည်း အမှုမှန်ပေါ်ပေါက်ရေးဆိုတာထက် သူ့ကို သတ်တဲ့သူကိုယ်တိုင် ကိုယ့်ပါးစပ်နဲ့ ဆရာခွန်ကျော်လီကို သူသတ်ပါတယ်ဆိုတဲ့ စကားထွက်ပေါ်လာအောင်၊ သူ့စိတ်နဲ့သူ ဝန်ခံလာအောင်၊ အကယ်လို့ သူ့ကိုခိုင်းတဲ့သူရှိရင် ဘယ်သူခိုင်းတယ်ဆိုတာ ပြောထွက်လာအောင် နေ့တိုင်းဆုတောင်းနေတယ်လို့ ပြောပါတယ်။

ဆရာခွန်ဂျော်လီဟာ ဘယ်သူတစ်ဦးအပေါ်မှာမှ ရန်ညှိုးရန်စ မရှိတဲ့အပြင် လူအများမကြိုက်အောင် ပြောဆိုထားတာမျိုးလည်း မရှိတဲ့အတွက် အခုလို လာရောက်ပစ်ခတ်သတ်သွားတဲ့အပေါ် ဘယ်လို ခေါင်းစဉ်မျိုးနဲ့ဆိုတာ ဒီကနေ့အချိန်အထိ အဖြေရှာမရဘူးလို့လည်း ဆိုပါတယ်။

နမ္မတီးလမ်းခွ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) အမှုတော်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဆရာခွန်ဂျော်လီဟာ ထိန်နိုင်ဇုံနယ် ကချင်နှစ်ခြင်းအသင်းတော်မှာလည်း လူငယ်ခေါင်းဆောင်တစ်ဦး လုပ်ခဲ့ဖူးသူဖြစ်ပြီး လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan)နဲ့ ရပ်ရွာအကျိုး လှုပ်ရှား‌ရေးတွေမှာပါ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here