တောင်သူလယ်သမားများကို မိုးရာသီချေးငွေအပြင် Covid-19 ကာလအထူးချေးငွေအနေဖြင့် ငါးသောင်းကျပ်ကိုလည်း ထုတ်ချေး

668

ဇူလိုင် ၂

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ် ကာလအတွင်း မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ တောင်သူ လယ်သမားများကို မိုးရာသီချေးငွေအပြင် Covid-19 ကာလ အထူးချေးငွေအနေဖြင့် ၅၀၀၀၀ (ငါးသောင်းကျပ်) ကိုလည်း ထုတ်ချေးပေးနေပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က သိရသည်။

အဆိုပါ ငွေများကို ကချင်ပြည်နယ်အတွင်းက ငွေချေးယူအသုံးပြုနေသည့် တောင်သူများထဲမှ ငွေချေးယူခွင့်ရှိသူများနှင့် ဘဏ်စည်းကမ်းကို လိုက်နာပြီးတာဝန်ကျေသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍတွေပေါ်မှာ အတိုင်းအတာတစ်ခုအနေနဲ့ ထိခိုက်နိုင်ကောင်း ထိခိုက်နိုင်တယ်။ အဲဒီအတွက် တောင်သူ လယ်သမားတွေကို ငွေကြေးပံ့ပိုးမှုတစ်ရပ်အနေနဲ့ ထုတ်ချေးပေးခြင်း ဖြစ်ပါတယ်”ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကချင်ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်းက ရှင်းပြသည်။

၂၀၁၉ မိုးချေးငွေ ဆပ်ပြီးသည့် တောင်သူများအားလုံးကို ၂၀၂၀ မိုးချေးငွေထုတ်ချေးချိန်တွင် တစ်ပါတည်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ် (၁၂) မြို့နယ်ထဲမှ ၁၀၀ ရာခိုင်နှုန်း ဆပ်ပြီးသည့် မြို့နယ် (၈) ခုရှိပြီး (၄)မြို့နယ်က ရာခိုင်နှုန်းအနည်းငယ် ကျန်ရှိနေသေးကြောင်း ပြည်နယ်မန်နေဂျာဒေါ်စိမ်းစိမ်းမင်းက ပြောသည်။

ယခုနှစ် မိုးချေးငွေထုတ်ချေးချိန်မှာ စက်တင်ဘာလကုန်အထိ ဖြစ်သောကြောင့် ယင်းကာလ အတွင်း ၂၀၁၉ မိုးချေးငွေကိုဆပ်ပြီးသည့် တောင်သူများကိုလည်း ၂၀၂၀ မိုးချေးငွေကို ပြန်လည် ထုတ်ချေးပါက Covid-19 ချေးငွေကိုလည်း တစ်ပါတည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here