ဒွမ်ဘန်ကျေးရွာအတွင်းက ပျောက်ဆုံးနေတဲ့ လူငယ်သုံးဦးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်စခန်းတွေအပြင် ရဲစခန်းတွေမှာပါ လူပျောက်တိုင်ကြား

183

မေ၊၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအတွင်းက ပျောက်ဆုံးနေတဲ့ လူငယ်သုံးဦးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်စခန်းတွေအပြင် ရဲစခန်းတွေမှာပါ လူပျောက်တိုင်ကြားတာတွေ ပြုလုပ်ထားပြီလို့ သိရပါတယ်။

အထက်ပါ လူငယ်သုံးဦးဟာ ဧပြီလ ၂၆ ရက်နေ့က ရေချိုးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နေအိမ်ကနေ ထွက်သွားရာကတဆင့် ကာမိုင်းမြို့နေ သူငယ်ချင်းဖြစ်သူဆီ သွားလည်ဖို့သွားရင်း ကာမိုင်းလမ်းမှာ ရုတ်တရက်ပျောက်သွားတဲ့နောက် ဒီကနေ့ မေလ ၆ ရက်နေ့အထိ ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေကတော့ မေလ ၂ ရက်နေ့က ဒွမ်ဘုံးစစ်ကောင်စီ တပ်စခန်း၊ မရန်ကထောင်ဂိတ်၊ ၂၁ မိုင်ဂိတ်၊ ဒွမ်ဘန်နဲ့ ကာမိုင်းစစ်ကောင်စီတပ်စခန်းတွေမှာ လိုက်လံစုံစမ်းမေးမြန်းပြီး အကြောင်းကြားတာတွေ ပြုလုပ်ထားတဲ့အပြင် ကာမိုင်းရဲစခန်းနဲ့ မိုးကောင်းရဲစခန်းတွေမှာပါ လူပျောက်တိုင်ကြားတာတွေ ပြုလုပ်ထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ခုက စာတွေရေး၊ ဓာတ်ပုံတွေပေးပြီး လုပ်ထားတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်တာတွေပါ လုပ်ထားတယ်။ ကာမိုင်းဘက် ပြန်သွားဖို့ လုပ်ထားကြတယ်”လို့ ဆိုပါတယ်။

လူငယ်သုံးဦးဟာ ဂိတ်ပိတ်ချိန်လောက်မှာ မရန်ကထောင်ဂိတ်ကနေ ဖြတ်မိတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်နိုင်ပြီး အဲဒီဂိတ်ကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောဆိုနေပေမဲ့ လက်ရှိအချိန်အထိ နေအိမ်ကို ပြန်လည်ရောက်ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ မရန်ကထောင် ဂိတ်စခန်းဘက် သွားရောက်စုံစမ်းတဲ့အချိန် အသက်မပြည့်တဲ့သူတွေကို မဖမ်းကြောင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

မရန်ကထောင်ဂိတ်ရော သွားကြည့်တယ်။ မေးကြည့်တယ်။ အသက်မပြည့်တဲ့ သူတွေကိုမဖမ်းဘူး။ ပြန်လွှတ်တယ်လို့ ပြောတယ်။”လို့ ဆိုပါတယ်။

အဲဒီ လူငယ်တွေ ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် ၁၀ ရက်ရှိလာပြီဖြစ်ပေမဲ့ တစ်စုံတစ်ရာ အကြောင်းထူးလာခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နီးစပ်ရာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းအချို့မှာ စာနဲ့ ဓာတ်ပုံတွေကို ပေးပို့ထားတဲ့အတွက် အကြောင်းကြားလာမှာကို မိသားစုဝင်တွေ စောင့်မျှော်နေတယ်လို့လည်း သိရပါတယ်။

ပျောက်ဆုံးနေသူတွေထဲ အသက်မပြည့်သေးတဲ့ ၁၅ နှစ်ဝန်းကျင်အရွယ် နှစ်ဦးနဲ့ ၁၈ နှစ်အရွယ်တစ်ဦးတို့ဖြစ်ပြီး အမည်တွေကတော့ မောင်လဝေါမ်၊ မောင်လနူး၊ မောင်မာလတို့ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကလေးတွေ ပျောက်ဆုံးနေတဲ့အတွက် မိသားစုအသိုင်းအဝိုင်းအားလုံးက စိုးရိမ်နေကြတဲ့အပြင် မိသားစုဝင်တွေအနေနဲ့တော့ ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ကြိုးစားရှာဖွေနေကြဆဲလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here