ဇူလိုင် ၃
နမ်ဆန်ယန်ကျေးရွာက နေရပ်ပြန် ဒေသခံများအတွက် စိုက်ပျိုးရေး လုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန်၊ ရွာအနီးတစ်ဝိုက်က နှစ်ရှည် စွန့်ပစ်ထားရသည့် လယ်ယာမြေများတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန်သူတွေ အနေဖြင့် ယခုနှစ်တွင် လယ်ယာ ပြန်လည် စတင်လုပ်ကိုင်နိုင်တော့မည် ဖြစ်ပြီး လုံခြုံစိတ်ချစွာ လုပ်ကိုင်နိုင်ရန် ဒေသခံများ၏ တောင်းဆိုချက်အရ မိုင်းရှင်းလင်းရေး ပြုလုပ်ရခြင်းဖြစ်ကြောင်း နန်ဆန်ယန် နေရပ်ပြန်အရေး ဆောင်ရွက်ပေးနေသည့် ဦးဖောင်လားဂမ်ဖန်က ဆိုသည်။
“အစပြောင်းလာတဲ့အခါကျတော့ စိုက်ပျိုးရာသီ အချိန်မမီတော့ဘူး။ ဒါကြောင့်မို့ ကိုယ့်ရဲ့ခြံမှာ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်တွေ စိုက်ရင်းနဲ့ တစ်ရာသီ ကုန်သွားတာပေါ့။ အခု ဒီရာသီကတော့ (၈)နှစ်ကျော် (၉)နှစ်လောက်စွန့်ပစ်ထားတဲ့ လယ်ရိုင်း၊ မြေရိုင်းတွေကို စက်ယန္တရားနဲ့ စိုက်ပျိုးဖို့ လုပ်ရခြင်းဖြစ်ပါတယ်”ဟုလည်း ပြောသည်။
၎င်းတို့ နေရပ်ကို ပြန်လည်ရောက်ရှိချိန် ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး ဖြေရှင်းရန်၊ယခင် စစ်ဘေးတိမ်းရှောင်နေရစဉ်က စွန့်ပစ်ထားရသည့် လယ်ယာမြေများကို မိုင်းရှင်းလင်းရေး ပြုလုပ်ပေးခြင်းက လုံခြုံစိတ်ချစေကြောင်း နမ်ဆန်ယန် နေရပ်ပြန်သူ တစ်ဦးဖြစ်သည့် ဦးလဖိုင်ယော်က ပြောသည်။
“အရင်စစ်မဖြစ်ခင်က နဲ့ အခုတော့ အရမ်းကွာသွားတယ်။ အခုကတော့ စိတ်မလုံမခြုံတော့ ဖြစ်မိတယ်။ ဒါပေမဲ့ ကိုယ့်ရပ်ရွာမှာ ကိုယ်မလုပ်ရင် တခြားဘယ်နေရာကို သွားရမှာ၊သွားနေရမှာတွေ တွေးရင် အချိန်နှမြောတယ်။ ကိုယ့်ရပ်ရွာမှာနေပြီး လုပ်ကိုင်စားသောက်တာတော့ အကောင်းဆုံးပါပဲ”ဟု ဦးလဖိုင်ယော်က ပြောသည်။
ယခုနှစ် မိုးတွင်း သီးနှံစိုက်ပျိုးကာလအမီ မိုင်းရှင်းလင်းရေးကို လုပ်ဆောင်နေပြီး ရှင်းလင်းပြီးစီးသည့် လယ်ဧကများကို လက်ရှိရွာအတွင်း နေထိုင်နေသည့် ဒေသခံများကို ခွဲဝေကာ စိုက်ပျိုးစေမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အကြား တစ်ကျော့ပြန်စစ်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် နမ်ဆန်ယန် ဒေသခံများသည် မြို့ပေါ် စစ်ရှောင်စခန်းများသို့ တိမ်းရှောင်ခဲ့ကြရပြီး၊ ယမန်နှစ် ဇန်နဝါရီလတွင် ၎င်းတို့ နေရပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်တွင် အိမ်ခြေ (၁၀၀)ကျော် ရှိနေပြီဖြစ်သည်။
Ah Je/ Ann







