ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းမှ ဆိုင်ကယ်စီးလာသည့် အရပ်သား တစ်ဦးအား ပစ်သတ်သွား

847
ဖားကန့်မြို့

မေ၊၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကရင်ချောင်နှင့် ဟင့်တင့်ရွာ တံတားထိပ်တွင် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှ ယနေ့မနက်(၇)နာရီ ဝန်းကျင်ခန့်က ဆိုင်ကယ်စီးနှင်လာသည့် အရပ်သားတစ်ဦးကို သေနတ်ဖြင့်ပစ်လိုက်ရာ နေရာမှာပင် ပွဲချင်းပြီး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်သားများနှင့် ကြုံပြီး ဆိုင်ကယ်ကို တားရာမှ ကြောက်လန့်ထွက်ပြေးစဉ် သေနတ်ဖြင့်(၄)ချက် ပစ်လိုက်ခြင်းကြောင့် သေဆုံးသွားပြီး ချောင်းအောက်တွင် အိမ်အတွက် အသုံးပြုဖို့ ကျောက်ရှာနေသည့် အရပ်သားများကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ထိမှန်သွားကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

 “စစ်ကြောင်းထိုးတဲ့အချိန် မသိတော့ ဖြတ်မိတာနေမှာ။ ကရင်ချောင်နဲ့ ဟင့်တင့်တံတားထိပ်မှာ သူတို့က လှန်းတားတဲ့အချိန် ဟိုကလည်း ကြောက်ပြီး ဆိုင်ကယ်ကို မောင်းပစ်တဲ့ အချိန် ဟိုကလည်း (၄)ဆင့် ပစ်လိုက်တော့ ပွဲချင်းပြီး သေသွားတယ်။ နောက်တစ်ယောက်က ရေချောင်းမှာ လမ်းခင်းတဲ့ ကျောက်ကို အိမ်အတွက် အသုံးပြုဖို့ ရှာနေတဲ့ သူတွေကိုရော လှန်းပစ်တာ အဲဒီမှာရော တစ်ယောက်မှန်သွားတယ်။ သူ့ရဲ့ အခြေအနေတော့ မသိရသေးဘူး။ အမျိုး(၂)ယောက် ဟုတ်တယ်’’ဟု ၎င်းက ဆိုသည်။

ယနေ့မနက်စစ်ကောင်စီ တပ်သားအင်အား(၁၀၀)ဝန်းကျင်ခန့် ကရင်ချောင် တံတားထိပ်မှ ဖြတ်သန်းသွားချိန် အနီးအနားတွင် လုံးခြုံရေးယူထားသည်သာမက ကရင်ချောင်နှင့် ဟင့်တင့်ကြားရှိ ဘုရားကျောင်းကုန်းဘက်မှလည်း သေနတ်ပစ်ခတ်သံ အချက်ပေါင်းများစွာကြားရကြောင်းလည်း ဆိုသည်။ ယခုကဲ့သို့ အရပ်သားများကို ပစ်ခတ်သွားခြင်းသည် ရည်ရွယ်ချက်ရှိရှိ ပစ်သွားခြင်းဖြစ်နိုင်ကြောင်းကိုလည်း အထက်ပါ ဒေသခံက ဆက်လက်ဆိုသည်။

 “လမ်းဘေးမှာရော ကင်းပုန်း ဝပ်နေတာရှိတယ်။ လမ်းတစ်လျှောက် လုံခြုံရေးတွေရော ယူထားတယ်။ ကရင်ချောင်နဲ့ ဟင့်တင့်ကြားမှာ ဆုတောင်းကုန်းလေးရှိတယ်။ ဘုရားကျောင်းပေါ့။ အဲဒီဘက်ကရော စစ်ကြောင်းထိုးမယ့်အချိန်မှာ သေနတ်တွေ ပစ်ဖောက်ပြီး အသံတွေ ပေးတယ်။ စစ်ကြောင်းချီတဲ့အချိန်ဆို သေနတ် အချက်ပေါင်းများစွာ ပစ်တာ။ စစ်ကြောင်းချီနေတဲ့အချိန် သူတို့အတွက် အနှောက်အယှက် ဖြစ်မယ်ထင်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ်တာပေါ့။” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိ မမုံကျေးရွာ ဘက်အခြမ်းအရှိ စျေးဆိုင်အချို့ဆိုင် ပိတ်ထားပြီး လမ်းပေါ်တွင် ပြည်သူလူထုများ အသွားအလာ နည်းပါးနည်းနေကြောင်းလည်း သိရသည်။ ယင်းစစ်ကောင်စီ တပ်သားများသည် ဝှေခါမှ စစ်ကြောင်းချီတက်လာသူများ ဖြစ်နိုင်ပြီး ဟင့်တင့်ကျေးရွာဘက်သို့ ဝင်ရောက်သွားကြောင်းလည်း သိရသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here