မိုးသီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့ တနိုင်း-လီဒိုလမ်းက ဒေသခံတွေရဲ့ နေအိမ်တွေ ပြုပြင်ဖို့ အကူအညီလိုအပ်

212
မိုးသီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်

 

ဧပြီ၊၂၅

မိုးသီးကျရောက်တာကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ တနိုင်း-လီဒိုလမ်းတစ်လျှောက်က ဒေသခံပြည်သူအချို့ရဲ့ နေအိမ်တွေပြန်လည် ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ညက လဂျားဘွမ်၊ ရှင်လုံ၊ ပိန္နက်၊ မကော၊ ဓာတ်ဆီကမ့်(ပ်)၊ လမုန် အစရှိတဲ့ ကျေးရွာတွေမှာ မိုးသက်လေပြင်းနဲ့အတူ ကြက်ဥအရွယ် ပမာဏလောက်ရှိတဲ့ မိုးသီးတွေကျ ရောက်ခဲ့တဲ့အတွက် ရွာတိုင်းက နေအိမ်တိုင်းလိုလို ခေါင်းမိုးပေါက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧပြီလဆန်းပိုင်းက မိုးသီးကျရောက်ပြီး ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးခင်မှာပဲ အခုလို တစ်ခေါက်ပြန်လည်ကြုံတွေ့ခဲ့ရတာလို့ တနိုင်းဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

သွပ်မိုးတဲ့အိမ်တွေက ဆန်ကာပေါက်နဲ့ တူသွားတယ်။ မိုးနည်းနည်းရွာရင် နေလို့မရတော့ဘူး။ တစ်ချို့က ရောင်းစားဖို့လည်း မရှိ၊ ငွေရေးကြေးရေးလည်း မရှိ။ နေဖို့နေအိမ်တွေ အရေးပေါ် လိုအပ်နေတာပေါ့။ “လို့ ဆိုပါတယ်။

အထက်ပါ ကျေးရွာအားလုံးနီးပါးက ဒေသခံပြည်သူတွေဟာ ခြံ၊ လယ်လုပ်၊ တောင်ယာခုတ် စတဲ့လုပ်ငန်းတွေကိုသာ အဓိက မှီခိုအားထားလုပ်ကိုင်ကြတဲ့အတွက် နေအိမ်ပြန်လည်ပြုပြင်ဖို့အတွက် ငွေရေး၊ ကြေးရေး လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ငွေရေးကြေးရေး အခက်အခဲရှိနေတာပေါ့။ မရှိမဲ့ ရှိမဲ့ လုပ်ထားတဲ့ဟာတွေ ဒီလို ဖြစ်တော့လေလို့ နောက်ထပ်ဒေသခံ ပြည်သူတစ်ဦးကလည်း ဆိုပါတယ်။

မိုးသီးကျရောက်မှု ဒဏ်ကြောင့် ရှင်လုံကျေးရွာက နေအိမ် သုံးအိမ် ပြိုကျပျက်စီးသွားတဲ့အပြင် ပိန္နက်ကျေးရွာက နေအိမ်တစ်လုံးကလည်း အလားတူ ပြိုကျပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အထက်ပါ ကျေးရွာ ၆ ခုထက်မနည်းက ဒေသခံပြည်သူအများစုဟာ နေအိမ်ခေါင်မိုး ပေါက်တာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေ အားလုံးပေါင်းရဲ့ နေအိမ် စုစုပေါင်းဟာ ၁၀၀ လောက် ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လဂျားဘွမ်၊ ရှင်လုံ၊ ပိန္နက်၊ မကော၊ ဓာတ်ဆီကမ့်(ပ်)၊ လမုံ စတဲ့ကျေးရွာတွေဟာ တနိုင်း-လီဒိုလမ်းတစ်လျှောက်မှာတည်ရှိပြီး အိမ်ခြေ ၂၀ ကျော်ကနေ ၄၀၀ လောက်အထိ ရှိတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here