မံစီမြို့နယ်၊ ဂျန်မိုင်ရွာ ကုန်တင်ယာဉ်ရပ်နားတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ယာဉ်မောင်း ၅ ဦးသေဆုံး

298

ဧပြီ၊၁

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျန်မိုင်ရွာ ကုန်တင်ယာဉ်ရပ်နားတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားယာဉ်မောင်း ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီကနေ့မနက် အစောပိုင်း ၁ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ Y12 အမျိုးအစားလေယာဉ်နဲ့ ဗုံးသုံးလုံးလာကြဲသွားပြီး အရပ်သား သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အထက်ပါနေရာအနီးအနားမှာ KIA တပ်စခန်းနဲ့ တပ်သားတွေ မရှိတဲ့အပြင် တိုက်ပွဲလည်း ဖြစ်ပွားတာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

အဲဒီမှာက KIA ဘက်က တပ်သားတွေ မရှိဘူး။ တိုက်ပွဲလည်း မရှိဘူး။ တပ်လည်း မရှိဘူး။ ပြည်သူတွေပဲ နေတဲ့နေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီ ဂျန်မိုင်ရွာဟာ စိန်လုံသွားတဲ့ လမ်းပေါ်မှာ တည်ရှိပြီး ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ စိန်လုံတောင်တပ်စခန်းကြီးကို KIA ကနေ သိမ်းပိုက်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here