မေ၊၂၁
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ကျန်ရှိနေသေးတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကြီး လက်မလွှတ်ရေး စစ်ကောင်စီဘက်က နည်းလမ်းအမျိုးမျိုးနဲ့ ခုခံနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဝိုင်းမော်မြို့ပေါ်နဲ့ အနီးဆုံးဖြစ်တဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မေလ ၁၈ ရက်နေ့က စပြီး တစ်ပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ ဂါးရာယန်ကျေးရွာနဲ့ ၃၂၁ တပ်စခန်းကြားက လုံဇက်ကောင်တပ်စခန်းကြီးအပြင် ဒဘတ်ချောင်းကူး တံတားထိပ်က ကဇူးတပ်စခန်းကြီးကို KIAဘက်က ထိုးစစ်နှစ်ရက်တာအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
ကျန်ရှိနေသေးတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကြီး လက်မလွှတ်ရေး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့သာမက ဝိုင်းမော် ၅၈ တပ်ရင်းအပြင် မြစ်ကြီးနား အမြောက်တပ်ကနေပါ တိုက်ပွဲပြင်းထန်နေတဲ့ နယ်မြေတွေဘက် လက်နက်ကြီး ပစ်ကူတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“သူတို့ ၃၂၁ မကျသွားအောင် လေယာဉ်နဲ့လည်း လာပစ်တယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ ရွှေညောင်ပင် မကျအောင် သူတို့ ကြိုးစားနေကြတယ်။ ၅၈ ကနေလည်း ဆက်တိုက်ပစ်တယ်။ မပခ အမြောက်တပ်ကနေလည်း ပစ်တယ်။“လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဝိုင်းမော်မြို့အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းကြီးတစ်ခုဖြစ်တဲ့ ၅၈ တပ်ရင်းတစ်ခုလည်း ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ ရွှေညောင်ပင် ၃၂၁ တပ်စခန်းကြီးတစ်ခုသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
“မြစ်ကြီးနား–လိုင်ဇာလမ်းက ရွှေညောင်ပင်် ပြီးပြီဆိုရင်တော့ စစ်ကောင်စီတပ်စခန်းက မရှိတော့ဘူးပေါ့။“လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် ဝိုင်းမော်မြို့အနီးက အူထောင်ဘွမ်တပ်စခန်းနဲ့ ခါးရှိ၊ အောင်မြေ ၁၊ အောင်မြေ ၂ ကျေးရွာအတွင်းက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ စခန်းချ နေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အပြီးရှင်းထုတ်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရွှေညောင်ပင် ၃၂၁ စစ်ကောင်စီတပ်စခန်း အနီးတစ်ဝိုက် လက်နက်ကြီး ပစ်ခတ်သံတွေ မေလ ၁၈ ရက်နေ့ကနေစပြီး ညစဉ်ကြားနေရတယ်လို့ ဝိုင်းမော်မြို့ဒေသခံပြည်သူ တစ်ဦးကလည်း အခုလို ပြောပါတယ်။
“မနေ့ကလည်း ၅၈ ဘက်ကနေ ပစ်နေတယ်။ အောင်မြေ ၁၊ အောင်မြေ ၂ ဘက် ပစ်ပေးနေတယ်။ အသံတွေ အရမ်းကြားရတယ်။ ဒီနေ့တော့ နည်းနည်းငြိမ်နေသေးတယ်။ ခုက ဆိုင်ကယ်၊ ကားတွေနဲ့ ပစ္စည်းသယ်တဲ့သူ သယ်နေကြတယ်။“လို့ ဒေသခံက ဆိုပါတယ်။
နှစ်ဖက်တပ် တိုက်ပွဲအခြေအနေတွေကြောင့် ဝိုင်းမော်မြို့နယ်အတွင်းက ဒေသခံပြည်သူအများစုဟာ မြစ်ကြီးနားမြို့ဘက်နဲ့ နီးစပ်ရာဆွေမျိုးတွေဆီ စတင်ရှောင်တိမ်းနေကြပြီလို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း တချို့ကို မတ်လ ၇ ရက်နေ့က KIA ဘက်ကနေ တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ထိုးစစ်ဆင်တဲ့နေ့(မတ်လ ၇)ရက်နေ့ကစပြီး ဒီကနေ့အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်အပြင် တခြား တပ်မဟာ(၁)ဘက်နဲ့ တပ်မဟာ(၉)အစရှိတဲ့ နေရာတွေဘက်ကပါပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကကောင်စီတပ်စခန်းကြီး/ငယ်အားလုံးဟာ ၉၀ နီးပါး ရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ အတည်ပြု ပြောပြချက်အရ သိရပါတယ်။







