လုံရှာယန်ကျေးရွာအတွင်းက စစ်ကောင်စီဂိတ်စခန်းကနေ ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူတွေကို တားဆီးစစ်ဆေးတဲ့အပြင် မှတ်ပုံတင် ကိုင်ဆောင်သွားလာဖို့ပါ ပြောဆိုထား

233

 

ဧပြီ၊၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာအတွင်းက စစ်ကောင်စီဂိတ်စခန်းကနေ ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူတွေကို တားဆီးစစ်ဆေးတဲ့အပြင် မှတ်ပုံတင် ကိုင်ဆောင်သွားလာဖို့ပါ ပြောဆိုထားတယ်လို့ သိရပါတယ်။

အဲဒီဂိတ်ကနေ ည ၇ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့နဲ့ ညအချိန်မတော် ရွာပြင်၊ တောဘက်ထွက်တာတွေ မပြုလုပ်ဖို့ အခုရက်ပိုင်း ပြန်လည်ပြောဆိုထားတယ်လို့ လုံရှာယန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ညအချိန် အပြင်မထွက်ဖို့ ပြောထားတယ်။ ပူတာအိုဘက် သွားမယ်ဆိုရင်လည်း မှတ်ပုံတင်ကိုင်ဆောင်ပြီး သွားလာခိုင်းထားတယ်။ အချိန်တိုင်း ထုတ်ပြရတာမျိုးတော့ မဟုတ်ဘူးလို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း အထက်ပါဂိတ်မှာ တားဆီးစစ်ဆေးတာတွေ မကြာခဏ ပြုလုပ်လေ့ရှိပြီး ဆွမ်ပရာဘွမ်ဘက် နှစ်ဖက်တပ်တိုက်ပွဲ ပြင်းထန်လာတဲ့ နောက်ပိုင်းကနေ စစ်ဆေးရေး ပြန်လည်တင်းကျပ်လာတာလို့ သိရပါတယ်။

ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားတွေ ပေါင်းထိုင်တဲ့ ဂိတ်ဟုတ်တယ်။ တောဘက် မထွက်ကြဖို့ ပြောထားတယ်။ လမ်းသွား၊ လမ်းလာ ဆန်သယ်လာတဲ့ သူတွေကိုလည်း စစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း တန်ဂျာ၊ လုံရှာယန်၊ ဆွမ်ပီယန်ကျေးရွာ အနီးအနားတွေမှာ ဒေသခံပြည်သူတွေအနေနဲ့ တောထွက်ချိန် သေနတ်ပစ်ဖောက်တာ မပြုလုပ်ဖို့အပြင် ညအချိန် သွားလာတာတွေ မပြုလုပ်ဖို့ပါ စစ်ကောင်စီတပ်သားတွေက ပြောဆိုခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေဟာ တောင်ယာဘက် သွားလာချိန်တွေမှာ သတိထားသွားလာရတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီကနေ လွန်ခဲ့တဲ့ ၃ နှစ်( အာဏာမသိမ်းခင် )လောက်က ဆုတ်ခွာသွားခဲ့တဲ့ လုံရှာယန်ကျေးရွာအတွင်းက တပ်စခန်းမှာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတွေ စခန်းသစ်ပြန်လည်တည်ဆောက်တဲ့အပြင် ဂိတ်တစ်ခုပါ ပြုလုပ်ပြီးတော့ လမ်းမှာ အတားအဆီးချထားပြီး ခရီးသွားကားတွေကို ဇန်နဝါရီလဆန်းပိုင်းကနေ စစ်ဆေးခဲ့တယ်လို့ နောက်ထပ်လုံရှာယန် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အထက်ပါ ဂိတ်မှာ ပြည်သူ့စစ် တပ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းနေထိုင်ပြီး စစ်သားအင်အား ၄၀ ထက်မနည်း ရှိနိုင်တယ်လို့လည်း သိရပါတယ်။

လုံရှာယန် ဒေသခံပြည်သူတွေဟာ ရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီဂိတ်ကနေ တားဆီးစစ်ဆေးမှုတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် သတိနဲ့ သွားလာနေရတဲ့အပြင် ပူတာအိုခရိုင် လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန ( လဝက)က ကောက်ယူထားတဲ့စာရင်းထဲ လုံရှာယန်ကျေးရွာအုပ်စု အတွင်းက အသက် ၃၀ကနေ ၃၅နှစ်အရွယ်ကြား အမျိုးသား ၈၀ ကျော် ပါဝင်နေတဲ့အတွက်ကြောင့်ပါ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီကနေ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် ကျေးရွာအတွင်းက အမျိုးသား ၈၀ ကျော်ရဲ့ နာမည်စာရင်း လဝလ ကောက်ယူထားတဲ့ စာရင်းထဲ ပါဝင်နေတာကြောင့် စစ်မှုထမ်းဖို့ ကောက်ယူထားတာ ဖြစ်နိုင်တယ်လို့ဆိုပြီး ဒေသခံပြည်သူတွေ စိုးရိမ်နေရတာပါ။

စစ်ကောင်စီဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး မတ်လ လဆန်းပိုင်းလောက်ကတည်းက နိုင်ငံအနှံ့ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေပါမကျန် စစ်မှုထမ်းဖို့ ဆင့်ခေါ်နေပြီးတော့ ကချင်ပြည်နယ်မှာလည်း ခရိုင်မြို့တွေက ရပ်ကွက်/ကျေးရွာတွေမှာ ဆင့်ခေါ်စာတွေ ရောက်ရှိနေပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လုံရှာယန်ကျေးရွာအုပ်စုအတွင်း လူဦးရေ စုစုပေါင်း လေးထောင်ကျော်နေထိုင်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ မတ်လ ၇ ရက်နေ့ မြစ်ကြီးနား- ဗန်းမော် လမ်းတစ်လျှောက်ကို ထိုးစစ်စတင်ခဲ့ပြီးနောက် မြစ်ကြီးနား- ပူတာအိုလမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ အခုချိန်ထိ ကားလမ်းတွေလည်း ပိတ်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here