လူမှုရေးဝန်ကြီးကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သတိပေး

1205
ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်
ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်

မြစ်ကြီးနား၊ မေ ၂၉

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားရာတွင် အချက်အလက်နှင့် တိကျစွာ ပြန်လည်ဖြေဆိုရန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးထွန်းတင်က လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကို မေလ ၂၅ ရက်လွှတ်တော်အစည်းအဝေးတွင် သတိပေးပြောဆိုခဲ့သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)က နောင်မွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှကိုယ်စားလှယ် ဦးချန်တန်ခင်က နယ်စပ်ဒေသရှိဘွဲ့ရလူငယ်များ အလုပ်အကိုင် ရရှိရေးနှင့်ပတ်သက်ပြီး မေးမြန်းသော မေးခွန်းသုံးခုအနက်မှ တစ်ခုကို လူမှုရေးဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ပြည့်စုံစွာဖြေကြားခြင်းမရှိဘဲ သိလိုသည့်အချက်အလက်များကို သက်ဆိုင်ရာဌာန ဆိုင်ရာရုံးများတွင် တောင်းခံရန် ပြန်လည် ဖြေကြားခဲ့သဖြင့် ထိုသို့သတိပေးခဲ့ခြင်းဖြစ်သည်။

ဦးချန်တန်ခင်က နယ်စပ်ဒေသရှိ တက္ကသိုလ်ဝင်တန်းအောင်(သို့)ဘွဲ့ရဒေသခံ လူငယ်များကို ၎င်းတို့နေထိုင်ရာ မြို့နယ်မှ ဌာနဆိုင်ရာများ၏ လစ်လပ်နေရာများတွင် ခန့်ထားပေးနိုင်ခြင်းရှိ/မရှိ၊ နောင်မွန်းမြို့နယ်ရှိ ရုံးစိုက်သည့်နေရာများတွင် အောက်ခြေအမှုထမ်းလစ်လပ်နေရာ မည်မျှရှိပါသလဲ၊ ရှိပါက ဌာနတစ်ခုချင်းစီအလိုက် သိလိုကြောင်း၊ လစ်လပ်နေရာရှိပါက အဆိုပါနေ ရာများတွင် ဒေသခံဘွဲ့ရများ(သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများကို အထူးကိစ္စရပ်အဖြစ် ခန့်အပ်ပေးနိုင်ခြင်း ရှိမရှိ မေးခွန်းများ မေးမြန်းခဲ့သည့်အပေါ် လူမှုရေးဝန်ကြီးက နယ်စပ်ဒေသတိုင်းရင်းသာလူမျိုးများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရန် သင်တန်းကျောင်းများတွင် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိပါက လာရောက်သင်ကြားနိုင်ကြောင်း၊ ဌာနတစ်ခုချင်းစီ၏ လစ်လပ်နေရာများကို သိရှိလိုလျှင် သက်ဆိုင်ရာဌာနများတွင် မေးမြန်းရန်ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်သို့ မေးမြန်းမည့်မေးခွန်းများကို ဆယ်ရက်ခန့် ကြိုတင်တင်ပြထားသည်ဖြစ်၍ ဖြေကြားမည့်ဝန်ကြီးဌာနများအနေဖြင့် ပြည့်စုံစွာဖြေကြားပေးရန်လိုသည်ဟု လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့သည်။

  “လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားတာ ဌာနတစ်ခုချင်းအလိုက် လစ်လပ်သောနေရာတွေ သိရှိလိုတယ်။ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသာတွေ ခန့်ပေးနိုင်မလား။ ဒါကြောင့်မို့လို့ ၀န်ကြီးအနေနဲ့ ဆိုရင်လည်း အစိုးရအဖွဲ့ဝင်တစ်ယောက် ဖြစ်တာနဲ့အညီ ဒီအစိုးရအဖွဲ့မှာ တာဝန်ခံတဲ့ ၀န်ကြီးတစ်ပါးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နောင်တစ်ချိန်မှာ မေးလာတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးဌာန အချိန်လည်း ပေးထားပါတယ်။ DATA တွေကို တိတိကျကျ စုဆောင်းပြီးမှသာလျှင် လွှတ်တော်ထဲမှာ လာရောက်သင့်ပါတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကျန်မေးခွန်းများကိုမူ ပညာရေးဌာနအနေဖြင့် လစ်လပ်ဝန်ထမ်းနေရာများ ခန့်ထားခြင်း လုပ်ငန်းများကို အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ နောင်မွန်းမြို့နယ် ပညာရေးဋ္ဌာတွင် အောက်ခြေ၀န်ထမ်းတစ်ဦး၊ သန့်ရှင်းရေးတစ်ဦး၊ အထွေထွေလုပ်သားများ အစရှိသည်တို့  လစ်လပ်လျှက်ရှိနေပါကြောင်း၊ ဘွဲ့ရ(သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအား အထူးကိစ္စရပ်များ အတွက် ခန့်အပ်ထားနိုင်ရေး မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် ပြည်နယ်ပညာရေးမှူးရုံးသို့ တင်ပြလာပါက အခြေခံပညာဦးစီးဋ္ဌာနသို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၂၄ ရက်(ပထမနေ့)နေ့မှစတင်ပြီး မေလ ၃၀ ရက်နေ့အထိ ငါးရက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here