ဇွန် ၉
လာမည့် ဇူလှိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် ဝိုင်းမော်မြို့နယ်အတွင်း Quarantine စင်တာအဖြစ် အသုံးပြုထားသည့် ကျောင်းဆောင်များကို မြို့နယ် အားကစားခန်းမနှင့် လော်ဝေါ်ရိုးရာ ယဉ်ကျေးမှုရုံးတွင် ပြောင်းရွှေ့လိုက်ပြီး လတ်တလော အခက်အခဲများ ရှိနေကြောင်း သိရသည်။
လက်ရှိ ပြောင်းရွေ့ထားသော နေရာသည် ခန်းမဆောင် ဖြစ်သောကြောင့် အပူချိန်မြင့်မားခြင်း၊ ညအိပ်ယာဝင်ချိန်တွင် အဆင်မပြေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်သော အပိုင်းတွင် အားနည်းခြင်းများ ကြောင့် အခက်အခဲ ဖြစ်နေကြောင်း Quarantine ဝင်နေသူ ကိုဇယ်ဇောင်းက ပြောသည်။
“အရင်က ကျောင်းမှာ Quarantine ဝင်ရတဲ့ချိန်ကတော့ အဆင်ပြေတယ်။ ခုဒီမှာကျတော့၊ ခန်းမဆောင်ဆိုတော့ မျက်နှာကျက်မပါတော့ အရမ်းပူတယ်။ နေလို့ကို မရဘူး”ဟု ကိုဇယ်ဇောင်းက ပြောသည်။
Quarantine ထားရှိသောနေရာတွင် ရောဂါရှိသောသူများလည်း ပါလာနိုင်သဖြင့် အထူး သတိထားပြီး ဆောင်ရွက်စေလိုကြောင်း ကိုဇယ်ဇောင်းက ဆက်လက်ပြောသည်။
“အပူချိန် တိုင်းတာတောင် ဆရာမတွေ မတိုင်းဘူး။ အချင်းချင်းပဲ တိုင်းတယ်။ အဲ့ဒီလိုကျတော့ သိပ်အဆင်မပြေဘူး။ ပြီးတော့ဒီမှာက တစ်ယောက်နေသွားတဲ့နေရာမှာ တစ်ယောက် ပြန်လာနေတယ်။ ဘာမှဆေးလိုက်တာမရှိဘူး။ ပိုးသတ်ဆေး ဖြန်းတာတွေမရှိဘူး။ တစ်ယောက် အိပ်တဲ့နေရာမှာ တစ်ယောက်ပြန်အိပ်ဆိုတော့ အဆင်သိပ်မပြေဘူး”ဟု ကိုဇယ်ဇောင်းက ပြောသည်။
Quarantine ဝင်နေသောသူများကို ဝိုင်းမော်မြို့နယ် အားကစားခန်းမတွင် အမျိုးသားများကို ထားရှိပြီး လော်ဝေါရိုးရာ ခန်းမဆောင်တွင် အမျိုးသမီးများကို ထားရှိကြောင်း ဝိုင်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ပြောသည်။
“ကျောင်းတွေက ပြန်ပြီးတော့ ဖွင့်တော့မယ်ဆိုတော့ ရွှေ့ထားပြီးပြီ။ အား/ကာ အားကစားခန်းမမှာ အယောက်(၄၀)ကျော်ထားတယ်။ နောက်က လော်ဝေါ်ခန်းမဆောင်၊ အဲဒီမှာက အမျိုးသမီးပေါ့”ဟု ဦးထွန်းထွန်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် အဆိုပါခန်းမ(၂)ခုတွင် ကွာရန်တင်း ထားရှိသူ (၃၀)နီးပါရှိပြီး မေလ(၂၀)ရက် နေ့ မတိုင်မီ စာသင်ကျောင်းမှ ယင်းခန်းမကို ပြောင်းရွေ့လာခြင်း ဖြစ်သည်။
Ah Je







