ဧပြီ၊၃၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအတွင်းက နေအိမ်အချို့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်နေတာ သုံးရက်လောက်ရှိလာပြီဖြစ်တာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ညကစပြီး ဝူယန်ပြည်သူ့စစ်ဂိတ်အနီးဝန်းကျင်က နေအိမ်အချို့နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်သားတွေ ကတုတ်ကျင်းတူးထားပြီး နေရာယူ စောင့်ကြပ်နေကြတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“လူမရှိတဲ့ နေရာတွေမှာ ဝင်နေကြတယ်။ ကျောင်းတွေမှာလည်း နေနေကြတယ်။ ခု သိတာတောင် သုံး၊ လေး အိမ်လောက် ရှိတယ်။ ကတုတ်ကျင်းတွေတူးပြီး နေကြတာ။ သူတို့ ရှိနေတော့ တိုက်ပွဲ ဖြစ်လာနိုင်တာပေါ့“လို့ ဒေသခံက ဆိုပါတယ်။
နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ ဝူယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက် ဝင်ရောက်နေထိုင်နေပြီလို့ သိရပါတယ်။
“အိမ်တွေမှာကို ဝင်နေကြတာ။ ဝင်နေတဲ့ အိမ်ကတော့ များတယ်။ လောလောဆယ် ဘာမှတော့ မဖြစ်သေးဘူး “လို့ ပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၂၈ ရက်နေ့ညကလည်း စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းဘက်ကနေ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဝူယန်ကျေးရွာဒေသခံ သားအမိနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဒဏ်ရာရရှိတဲ့ အသက် ၆၀ အရွယ် မိခင်ဖြစ်သူဟာ သက်သာနေပြီဖြစ်ပေမဲ့ အသက် ၃၀ အရွယ် သမီးဖြစ်သူကတော့ ပုခုံး၊ ဘယ်ဘက်ခြမ်း ပေါင်ရင်းမှာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှု ဆက်လက် ခံယူနေဆဲ ဖြစ်တယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
အထက်ပါ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ညကနေပဲ ၅၈ တပ်ရင်းက စစ်ကောင်စီတပ်သားအချို့ ရွာအတွင်းက ဒေသခံပြည်သူတွေရဲ့ နေအိမ် သုံး၊ လေးအိမ်လောက်နဲ့ စာသင်ကျောင်းမှာ နေရာယူတာတွေ ပြုလုပ်လာကြတာလို့ ဆိုပါတယ်။ အဲဒီလို နေရာယူ ဝင်ရောက်နေထိုင်လာတဲ့အတွက် တိုက်ပွဲပိုမို ပြင်းထန်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ ညနေပိုင်းကလည်း ဝူယန်ပြည်သူ့စစ်ဂိတ်ဘက်ကို KIA တပ်သားတွေ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပါတယ်။
အဲဒီလို နှစ်ဖက်တပ် စစ်ရေးအခြေအနေတွေကြောင့် ဝူယန်ကျေးရွာအုပ်စုအတွင်းက ဝေယင်၊ လမြန်၊ ဝူယန်ကျေးရွာအတွင်းက ဒေသခံပြည်သူအချို့ဟာ နီးစပ်ရာဆွေမျိုးတွေဆီနဲ့ ဘုရားကျောင်းတွေဘက် ဧပြီလ ၇ ရက်နေ့ကနေ ထွက်ပြေး တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
ဝူယန်ကျေးရွာဟာ ဝိုင်းမော်-ဝါရှောင်လမ်းပေါ်မှာ တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ဝူယန်ကျေးရွာအုပ်စုအတွင်း လူဦးရေ ၆,၀၀၀ နီးပါး နေထိုင်ပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







