ဧပြီ ၂၂
အခြေခံပညာတန်းများ၏ စာမေးပွဲအောင်စာရင်းရလဒ် ကြေညာမယ့်ရက်ကို အတိအကျ ညွှန်ကြားထားခြင်း မရှိသေးကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် စတုတ္ထတန်း၊ အဌမတန်းနှင့် ကျောင်းတွင်းစစ် စာမေးပွဲများ၏ အောင်စာရင်း ရလဒ် ထုတ်ပြန်ရန်အဆင်သင့် မဖြစ်သေးသည့် တိုင်းနှင့် ပြည်နယ်များ ရှိနေသေးခြင်းကြောင့် ထုတ်ပြန်မည့် ရက်ကို အတိအကျ ညွှန်ကြားမှု မရှိသေးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့မှ ပြောသည်။
ကချင်ပြည်နယ်အနေဖြင့် အခြေခံပညာတန်းများ၏ စာမေးပွဲအောင်စာရင်း ထုတ်ပြန်နိုင်ရန် အဆင်သင့် အနေအထားရှိနေပြီး ပညာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက် ရရှိသည်နှင့် တပြိုင်နက် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်းလည်း ဒေါ်ခင်သန်းနွဲ့က ဆိုသည်။
အခြေခံပညာတန်းများ၏ အောင်စာရင်းကို ထုတ်ပြန်ပေးနေကြဖြစ်သည့် ဧပြီ လ (၂၆)ရက်နေ့တွင် ထုတ်ပြန်နိုင်မည် မဟုတ်ဘဲ ယင်းကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အောင်စာရင်းထုတ်ပြန်မည့် ရက်ကို ခေတ္တရပ်ဆိုင်းထားရန်နှင့် အောင်စာရင်း တစ်ပြိုင်နက်တည်း ထုတ်ပြန်မည့်ရက်အား ထပ်မံအကြောင်း အကြားပေးမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ယင်းအပြင် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးမှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ဆိုင်းထားပြီး စာစစ်မည့် ကိစ္စဆောင်ရွက်နိုင်ရန် ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိသေးဘူးဟုလည်း မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်း ထံမှ သိရသည်။
Ann







