အင်းတော်ကြီးဒေသ၊ နန်မီးလောင်ကျေးရွာတွင် မိုင်းထိမှန်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

947
နန့်မီးလောင်ရွာ

မေ(၁၆)

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ လွဲမွန်ကျေးရွာအုပ်စုက နန်မီးလောင်ကျေးရွာတွင် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နန်မီးလောင်ကျေးရွာအဝင်တွင် ယနေ့နံနက်ပိုင်း ရှစ်နာရီခွဲဝန်းကျင်ခန့်က ကားတစ်စီးလမ်းနဘေးကိုရှောင်တိမ်းရာမှာ ကျွဲစိမ်း(အချိုရည်ဘူး) ဘူးဖြင့် ထောင်ထားသော မိုင်းနင်းမိခဲ့သည့်အတွက် လယ်ခင်းသွားသည့် မငြိမ်းမြင့်ဆိုသူ အမျိုးသမီးတစ်ဦး ဝမ်းဗိုက်နှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

“ဒီမနက်ရှစ်ခွဲလောက်က နန်မီးလောင်အဝင်မှာ အိမ်စီးကားက လမ်းဘေးကို နည်းနည်းရှောင်လိုက်တာ မိုင်းနင်းမိလို့ လယ်တောသွားတဲ့အမျိုးသမီးတစ်ယောက် ဗိုက်နဲ့ ခြေထောက်မှာထိသွားတာ။ အခုတော့ နန့်မွန်းဆေးရုံကို သွားလိုက်ပြီလို့ကြားတယ်။ကားက ထိခိုက်တာမရှိဘူး ကားကျော်ပြီးမှ ပေါက်ကွဲသွားတာဆိုတော့ ။မိုင်းက ကျွဲစိမ်းဘူးအရှည်မှာဟုတ်တယ်။ မိုင်းရှင်းပေးလိုက်ပြီးလားတော့ မသိရသေးဘူး။”ဟု ဆိုသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် နောက်ထပ်မိုင်းတစ်လုံးရှာတွေ့ထားသည့်အတွက် ယင်းမိုင်းအားရှင်းလင်းပေးရန် အကြောင်းကြားထားပြီး လွဲမွန်ကျေးရွာအုပ်စုတွင် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားမှုသည် ပထမဦးဆုံးဖြစ်ကြောင်းလည်း ဒေသခံကဆိုသည်။

လက်ရှိ အင်းတော်ကြီးဒေသဘက်တွင် စစ်ကြောင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲများရှိနေပြီး မေလ(၁၁)ရက်နေ့က ဟိုပင်မြို့မှ ဖားကန့်၊ ဆိုင်းတောင်ကျေးရွာသို့ ခြေလျင်ဖြင့်စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နန့်မွန်းကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here