ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန် ကျောင်းသားမိဘတွေရဲ့ စိုးရိမ်ပူပန်မှု

0
511

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် အခြေခံပညာကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ပိတ်ထားရာကနေ အခုလ (၂၁)ရက်နေ့မှာ အထက်တန်းအဆင့်တွေကို ပြန်လည်ဖွင့်လှစ်တော့မှာပါ။ မြန်မာနိုင်ငံမှာတော့ Covid-19 ရောဂါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဇူလိုင်လ (၁၃)ရက်နေ့ ည(၈)နာရီ စာရင်းအရ(၅)ဦး ထပ်မံတွေ့ရှိပြီး လက်ရှိအချိန်ထိ ပိုတွေ့ရှိသူ (၃၃၆)ဦး ရှိခဲ့ပါပြီ။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ တစ်ဦးနဲ့တစ်ဦး (၆)ပေအကွာကနေ စာသင်ယူလေ့လာနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အခုလို ရောဂါဆက်လက်ဖြစ်ပွားနေဆဲ ကာလအတွင်း ကျောင်းဖွင့်ချိန်မှာ ကျောင်းသားမိဘတွေအနေနဲ့ စိုးရိမ်မှုတွေနဲ့ သူတို့ရဲ့ အမြင်တွေကို မေးမြန်းထားပါတယ်။

ဦးဝေါ့ချုံးဇောင်လွမ် (ကျောင်းသားမိဘ)

ဟိုတလောကတည်းက ကြေညာထားသလို ဒီနေ့မှ ကျောင်းပြန်သွားတော့ စိုးရိမ်တာတော့ ဆက်တိုက် စိုးရိမ်ဆဲပါပဲ။ ကျောင်းကတော့ သောကြာနေ့လောက်မှ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ပြောပေးမယ်ပြောတယ်။ Covid-19 နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေ ပိုထိရောက်အောင် ပြောမယ်လို့ ပြောတယ်။ အခုဘယ်ကို သွားသွား ခပ်ခွာခွာပဲ နေနေရတယ်။ ဒါပေမဲ့လည်း မြစ်ကြီးနားမှာတော့ တချို့တွေက သိပ်ဂရုမစိုက်သလိုတောင် ဖြစ်နေကျတယ်။ ဒါပေမဲ့ စိုးရိမ်ရပါတယ်။ တစ်အိမ်က တစ်ယောက်ဖြစ်တာနဲ့ အကုန်ဖြစ်မှာဆိုတော့လေ။ တခြားလူတွေ အရမ်းဂရုစိုက်နေပေမယ့် တစ်ယောက်ဖြစ်တာနဲ့ အကုန်ကူးမှာဆိုတော့လေ။

ဦးအင်ခွမ်လနူး (ကျောင်းသားမိဘ)


ကျောင်းဖွင့်တဲ့အချိန် ကလေးတွေ လက်ဆေးတာ၊ ပစ္စည်းငှားတဲ့ နေရာတွေမှာ စိုးရိမ်တယ်။ အိမ်သာတက်တဲ့ အချိန်တို့ပေါ့။ ကျောင်းဆင်းချိန် အပြုံလိုက်သွားနေတာတွေ စိုးရိမ်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်မှာ။ ကျောင်းကနေတော့ ပူးကပ်တာတွေ လူစုလူဝေးတွေ မဖြစ်အောင် လုပ်ပေးမယ် ပြောပေမယ့် သူတို့အနေနဲ့ အဲ့ဒီလောက်ထိ ထိရောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ သူများနိုင်ငံလိုမျိုး အကာအကွယ်တွေနဲ့ သုံးပေခြားတာတွေ အဲ့လောက်ထိ လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။ ကျွန်တော့်အနေနဲ့တော့ အခုလောလောဆယ် ကျောင်း မတက်ခိုင်းစေချင်သေးဘူး။ ဒါပေမဲ့ သူငယ်ချင်းတွေ အကုန်အောင်သွားတော့ သူတစ်ယောက်တည်း ကျန်နေရင်လည်း သူက မကြိုက်ဘူးလေ။ ရောဂါကြောက်လည်း တက်ရမယ့် အခြေအနေပေါ့။

 

ဦးနော်ဆိုင်း (ကျောင်းသား မိဘ)


စိုးရိမ်စိတ်တော့ ရှိတာပေါ့။ ဒါပေမယ့် ကလေးတွေရဲ့ ပညာရေးဆိုတော့လေ မတတ်နိုင်ဘူးလေ။ ဒီအတိုင်း နေနေမယ်ဆိုလည်း အဆင်မပြေတော့ Covid-19 ဆိုလည်း ပညာရေးက အရေးကြီးတော့ အစိုးရဖက်ကလည်း တတ်နိုင်သလောက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စည်းကမ်းတွေ ချမှတ်ထားတာတော့ တွေ့ရပါတယ်။

 

ဒေါ် ခေါန်ဘူ (ကျောင်းသား မိဘ)

အမေအနေနဲ့တော့ ကျောင်းနားခိုင်းစေချင်တယ်။ သမီးကို မေးကြည့်တော့ ကျောင်းမနားတော့ဘူး တက်မယ်။ကျောင်းနောက်ကျမှာ စိုးတယ်တဲ့။ တစ်နှစ်နောက်ကျတယ်ဆိုတာ အရမ်းနောက်ကျသွားမယ်လို့ ပြောလို့ ကျောင်းလာအပ်တာပါ။ စိုးရိမ်တာတော့ တစ်အားစိုးရိမ်ပါတယ်။ ဒါပေမဲ့ ဆုတောင်းရင်းနဲ့ပဲ ပြီးစီးအောင်လုပ်ဖို့ စီစဉ်ထားပါတယ်။ ကျောင်းဖွင့်ချိန်ရောက်ရင်တော့ ဘယ်လိုလာမလဲမသိဘူး။ အခုမြင်နေရတဲ့အတိုင်းပဲဆိုရင်တော့ နည်းနည်းတော့ စိုးရိမ်ရမလားလို့ စဉ်းစားမိတယ်။

ဒေါ်နန်အောင်(ကျောင်းသားမိဘ)
ဒီရောဂါကို ကြောက်ပေမယ့် ကိုယ့်သားသမီးပညာရေး တစ်နှစ် နောက်ကျသွားမှာလည်း စိုးတယ်။ အခုက ကျောင်းနာမည် ထည့်ထားပေမယ့် အခြေအနေကြည့်ပြီးမှပဲပေါ့။ ဒါပေမဲ့ မြစ်ကြီးနားမှာတော့ ဒီရောဂါမရောက်ဘူးလို့တော့ မျှော်လင့်ရတာပဲ။ ဘယ်လိုမှ မလုပ်တတ်ဘူးလေ အကုန်လုံး လာထည့်ကြတာဆိုတော့လည်း…။ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်တာကနေ ရောဂါကူးစက်လာပြီး မိသားစုဆီမှာ ပြန်လာဖြစ်မှာလည်း စိုးရိမ်ပေမယ့် ဘယ်လိုမှ မတတ်နိုင်ဘူးပေါ့လေ။

 

ဦးအောင်ဂမ် (ကျောင်းသားမိဘ)


ကလေးတွေအတွက် စိုးရိမ်တာက အထက်က ညွှန်ကြားထားတဲ့အတိုင်း စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာနိုင်မယ်ဆိုရင်တော့ ဘာမှမဖြစ်နိုင်ဘူးလားပေါ့။ ဒါမှမဟုတ် ပြောတဲ့အတိုင်း မလုပ်နိုင်ဘူးဆိုရင်တော့ အခုရောဂါကလည်း ဆက်ပျံ့နေဆဲပဲ ဆိုတော့ ….။ မြစ်ကြီးနားမှာတော့ တအားကြီးစိုးရိမ်စရာ သိပ်မရှိသေးဘူးပေါ့။ ဒါပေမဲ့ ရပ်ဝေးက အကြောင်းမသိသူတွေနဲ့ တွေ့တဲ့အချိန် ကိုယ့်ဘက်ကလည်း စည်းကမ်းတကျ ပြန်မနေဘူးဆိုရင် ကူးစက်မှုတွေဖြစ်လာမလား ဆိုတာကို ကလေးတွေကိုတော့ သတိပေးနေပါတယ်။ အခုကျောင်းမှာလည်း သိတဲ့အတိုင်း ကျောင်းတွင်းမှာ ဆရာဆရာမတွေလည်း စည်းကမ်းနဲ့အညီ လုပ်ဆောင်ပေးရင်တော့ ရမလားလို့တော့ မျှော်လင့်ပါတယ်။ မလုပ်ပေးနိုင်တဲ့ အပိုင်းလည်း ရှိမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အပြင်ကနေ သွားပြောလည်း အဆင်မပြေတော့ သက်ဆိုင်တဲ့သူတွေကနေပဲ သတိပေးနေရင်တော့ အဆင်ပြေလာမလားပေါ့လေ။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here