ကျော်မြန်မာရွှေဆိုင် ဓားပြတိုက်ခံရသည့်အမှု (၂)နှစ်ခန့်ရှိပြီ ဖြစ်သောကြောင့် အမှုမှန်ပေါ်ပေါက်စေလို

1147

ဇူလိုင် ၁၀

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကျော်မြန်မာရွှေဆိုင် ဓားပြတိုက်ခံရခြင်း သည် (၂)နှစ်ခန့် ကြာပြီဖြစ်သောကြောင့် ယခုအချိန်တွင် အမှုမှန်ပေါ်ပေါက်စေလိုပြီ ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ဦးကျော်ထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပြီး (၅)လခန့်အကြာအထိ ရဲနှင့်တာဝန်ရှိသူများက ဆိုင်ပိုင်ရှင်နှင့်ပူးပေါင်းပြီး လိုက်ပါဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ဆိုင်ပိုင်ရှင်နှင့် တာဝန်ရှိသူများနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ (၂)နှစ်နီးပါရှိပြီဖြစ်ကြောင်း ကျော်မြန်မာဆိုင်ပိုင်ရှင်ဦးကျော်ထွန်းက ပြောသည်။

“အစ်ကိုတို့ ပစ္စည်းတွေ အကုန်လုံး ပါသွားတယ်ဆိုတော့ ဘဝကို တစ်ကနေပြန်စရတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေက ပြန်ချေးပေးလို့ အခု ဒီလုပ်ငန်းကို ပြန်လုပ်နိုင်တယ်လေ။ ဒီလောက်ကြာနေတာ အမှုမှန်က အမြန်ပေါ်ချင်တာပေ့ါ။ ကိုယ်တို့မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်လေ”ဟု ဦးကျော်ထွန်းက ရှင်းပြသည်။

ဆိုင်ဓားပြတိုက်ခံရချိန်တွင် ကာလတန်ဖိုးကျပ်သိန်း(၃၀၀၀)ကျော်တန်ဖိုးရှိ ရွှေ(၃)ပိဿာ၊ ကျောက်စိမ်းထည်၊ မိုးကုတ်ကျောက် လက်ဝတ်ရတနာနှင့် ငွေသား ကျပ်သိန်း(၂၀၀)ဓားပြတိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အမှုကြီးနှင့် ပတ်သက်ပြီး ရဲလုပ်ထုံးလုပ်နည်းအရ အဆက်မပြတ် ဆက်လက် စုံစမ်းထောက်လှမ်းနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး မျိုးသူရနောင်က မီဒီယာနဲ့ တွေ့ဆုံချိန်မှာ မြစ်ကြီးနားသတင်း ဂျာနယ်၏ မေးမြန်းမှုကို ယခုကဲ့သို့ ဖြေကြားခဲ့သည်။

“ဒါတွေနဲ့ပတ်သက်ပြီးတော့မှ စဖြစ်စဉ်ဖြစ်နေတဲ့အချိန်မှာ စဉ်ဆက်မပြတ်စုံစမ်းဖော်ထုတ်နေတယ် အခုချိန်ထိတော့ တရားခံမပေါ်သေးဘူး။ တရားခံမပေါ်တဲ့အခါမှာ ရဲတပ်ဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းရှိတယ်။ အခြားအမှုတွေ စုံစမ်းထောက်လှမ်းတဲ့အခါ အခြားလုပ်ငန်းတွေ မထိခိုက်ဖို့အတွက် စုံစမ်းမှုခေတ္တဆိုင်းတာ။ သို့သော်လည်း အမှုဆိုတာဆွေးသွားတာမရှိဘူး”ဟု အထက်ပါဒုတိယရဲမှူးကြီးက ရှင်းပြသည်။

လွန်ခဲ့သည့် ၂၀၁၈ခုနှစ် ဧပြီလ (၁)ရက်နေ့နံနက်တွင် အမည်မသိလူ(၂)ဦးက ရွှေဆိုင်တွင် ဓားပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေသားများကို လုယူထွက်ပြေးခဲ့ကာ ဆိုင်ရှင်ကို ဓားဖြင့်ထိုးခဲ့သည်။

အလားတူ အခြားအမှုကြီးများဖြစ်သည့် အေးစေတီရပ်ကွက်က(၇၅) နှစ်အရွယ် အမေအိုနှင့် သမီးဖြစ်သူ သတ်ခံရသည့်အမှုနှင့် ကြက်ပေါင်ခြံမှ သူနာပြုဆရာမလေး မလိဆန်ပန် သတ်ခံရသည့် အမှုများ ပေါ်ပေါက်ခြင်းမရှိသေးသော်လည်း ၂၀၁၈ခုနှစ်ဇန်နဝါရီလတွင် အမှုကြီးတစ်ခုဖြစ်သည့် သိန်း (၉၀၀)ကျော် ဘဏ်ဓားပြမှုမှာ ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here