ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲနေသည့် လိုင်စင်မဲ့ကား အစီး ၂၀ ကျော် အရေးယူထား

1144

မြစ်ကြီးနား၊ ဇွန် ၂၁

မြစ်ကြီးနားမြို့တွင် လေးရက်အတွင်း ခရီးသည်တင် လိုင်စင်မဲ့ကား အစီးနှစ်ဆယ်ကျော် ဖမ်းဆီးခဲ့ကြောင်း အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရသည်။

ပြည်နယ်အစိုးရမှ ညွှန်ကြားချက်အရ မြစ်ကြီးနားမြို့မှ မိုးကောင်းမြို့အထွက် ၂၁ မိုင်ဂိတ်၊ ဗလမင်းထင်တံတား(မိုင်းနား) ဂိတ်တို့မှ စောင့်ဆိုင်း၍ ဇွန်လ ၁၇ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ရာ တနိုင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ လွယ်ဂျယ်၊ ဗန်းမော်၊ ကန်ပိုင်တည် မြို့များသို့ ခရီးသည်များ တင်ဆောင်ပြေးဆွဲနေသော လိုင်စင်မဲ့ ဆလွန်းကား ၂၁ စီးကို အရေးယူထားခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှ သိရသည်။

မြစ်ကြီးနားမြို့၏ ဒေသအခြေနေအရ လိုင်စင်မဲ့ ခရီးသည်တင်ယာဉ်များကို ကနဦး အရေးယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြည်သူအားလုံး လိုင်စင်ရှိ မော်တော်ယာဉ်များကိုသာ အသုံးပြုလာကြစေရန် ရေရှည်စီမံချက်တစ်ရပ် အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဟု အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး၊ ဒုရဲမှူး ကျော်စိုးဦးက ပြောကြားသည်။

“ဘယ်ကားပဲဖြစ်ဖြစ် ရှိတဲ့ကားတွေ အကုန်လုံးက လိုင်စင်ရှိပြီးသားပဲ ဖြစ်ရမယ်။ နောက်ပိုင်း အားလုံး လိုင်စင်မဲ့ကားတွေ ကင်းရှင်းအောင်လုပ်မယ်”ဟု ဒုရဲမှူးကျော်စိုးဦးက ပြောသည်။
မြစ်ကြီးနားမြို့ကို အခြေပြုပြီး ခရီးသည်တင်ပြေးဆွဲနေသော လိုင်စင်မဲ့ကားများကို ယခုလ ၁၇ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ရာ ၂၀ ရက်နေ့အထိ ၂၁ စီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လိုင်စင်မဲ့ကားများဖြင့် ခရီးသည်တင်ဆောင် ပြေးဆွဲနေခြင်းက နိုင်ငံတော်ကို ခရီးသည်တင်ဆောင်ခွင့် အခွန်ဆောင်ပြီး နံပါတ်ပြား အနီရောင်ပြောင်းကာ ပြေးဆွဲနေသော ကားများကို နစ်နာစေသဖြင့်ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒုရဲမှူးကျော်စိုးဦးက ပြောသည်။

“လိုင်စင်အမှန်နဲ့ ဆွဲတဲ့လူတွေအတွက် အများကြီးနစ်နာတယ်။ အခွန်အခပေးပြီး တရားဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ အများကြီးနစ်နာတယ်”ဟု ၎င်းက ပြောသည်။
ခရီးသည်များ အနေဖြင့်လည်း ယာဉ်ရွေးချယ်သည့်အခါ ခရီးသည်တင်ခွင့်ရထားသည့် နံပါတ်ပြားအနီရောင်တပ် လိုင်စင်ကားများဖြင့် လိုက်ပါသင့်ပြီး တရားဝင်ယာဉ်နှင့် ယာဉ်လိုင်းများကသာ ခရီးသည်များ၏ နစ်နာမှုများကို တာဝန်ယူ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

ယင်း ဖမ်းဆီးအရေးယူထားသော ကားများကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် အမှုဖွင့်အရေးယူထားရာ ယာဉ်များကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ယာဉ်မောင်းသူကို ထောင်ဒဏ် ၃ နှစ်အထိနှင့် ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် အစည်းအဝေးတွင် မိုးမောက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ခရီးသည်တင်ပြေးဆွဲနေသော လိုင်စင်မဲ့ယာဉ်များကို အရေးယူရန် ရှိမရှိ မေးမြန်းခဲ့ရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်က အရေးယူမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ကချင်ပြည်နယ် လွှတ်တော်မှ လွှတ်တော်အမတ်အများစုသည် လိုင်စင်မဲ့ကားများကို ပြည်နယ်တွင်းလိုင်စင်ထုတ်ပေးရေး အဆိုကို သဘောတူထားခဲ့ကြသူများလည်း ဖြစ်သည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here