ချီဖွေမြို့နယ်အတွင်း ငွေတိုးဆန်တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ အထိ ဈေးမြင့်တက်နေခြင်းကြောင့် ဒေသခံများအခက်ကြုံ

345

ဇွန်၊၂၃

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ဘက်မှာ ဆန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်နေတဲ့အတွက် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

ဒီနှစ်အစောပိုင်းက ရိုးရိုးငွေတိုးဆန် ၁ တင်းခွဲ တစ်အိတ်ကို ကျပ် ၁ သိန်းဝန်းကျင်လောက်နဲ့ ဝယ်စားခဲ့ကြပြီး အခုအချိန်မှာ ၁၆၀,၀၀၀( တစ်သိန်းခြောက်သောင်း) ဝန်းကျင်လောက်အထိ ထပ်မံမြင့်တက်သွားတာကြောင့် ပြည်ချင့်နဲ့သာ ဝယ်စားနေရတယ်လို့ ချီဖွေမြို့‌မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကိုယ်က ဆန်အိတ်ဝယ်ထားလို့လည်း မပြီးသေးဘူးလေ။ ဟင်းက ပြန်ဝယ်စားရဦးမယ်ဆိုတော့ ဆန်အိတ်တစ်အိတ်တောင်မှ တစ်သိန်းခွဲလောက် သွားတော့မှာဆိုတော့ မီးဖိုချောင်က နည်းနည်း ပြန်ခက်ခဲသွားတယ်။ ပြည်လိုက်ဝယ်ဖို့ ကျွန်မဘဝမှာ တစ်ခါမှတောင်မှ ရည်ရွယ်ပြီးတော့တောင်မှ မဝယ်စားဖူးဘူး။ ” လို့ ဆိုပါတယ်။

ဈေးမတက်မီက ငွေတိုးဆန်တစ်ပြည်ကို ၂,၀၀၀ ကျပ် ဝန်းကျင်လောက်သာ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ၅,၅၀၀ ကျပ်အထိ မြင့်တက်သွားတာကြောင့် အခြေခံလက်လုပ်လက်စားတွေ အကျပ်အတည်း ဖြစ်နေရတယ်လို့ အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။

ချီဖွေမြို့နယ်မှာ အရင်နှစ်က ငွေတိုးဆန်တစ်အိတ်ကို ကျပ် ၆၀,၀၀၀(ခြောက်သောင်း) ဝန်းကျင်လောက်သာ ရှိခဲ့ရာကနေ ဒီနှစ်အစောပိုင်းမှာတော့ ကျပ်တစ်သိန်းဝန်းကျင်အထိ ရောက်ရှိသွားပြီး လက်ရှိအချိန်မှာတော့ ကျပ် ၁၆၀,၀၀၀( တစ်သိန်းခြောက်သောင်း) ဝန်းကျင်လောက်အထိ တစ်ဖြည်းဖြည်းမြင့်တက်နေတာ ဖြစ်ပါတယ်။

အခုလို ဆန်ဈေးတက်ရတာဟာ ဒေသထွက်ဆန် မလုံလောက်တဲ့အတွက်ကြောင့်အပြင် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ်ဘက်ကနေ ဝယ်ယူရောင်းချရတာကြောင့်ဖြစ်ပြီး သယ်ယူပို့ဆောင်ခတွေအပြင် ဆန်ဈေးနှုန်းအတက်အကျပေါ် မူတည်ပြီး ဈေးတက်တာတွေ ဖြစ်နေတယ်လို့ ဒေသခံနောက်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကချင်ပြည်နယ်အတွင်းက ထွက်တဲ့ဆန်နဲ့စပါးတွေဟာ လက်ကျန်နည်းသွားပြီး စပါးဈေးတွေပါတက်တာကြောင့် ဆန်ဈေးတွေပါ မြင့်တက်လာတာ ဖြစ်တယ်လို့ ကချင်ပြည်နယ်ဆန်စပါးကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးချစ်လွင်က သုံးသပ်ပြောဆိုပါတယ်။

“ဆန်စက်လုပ်ငန်းရှင်တွေပေါ့နော်။ မိုးညှင်းတို့ ဟိုပင်တို့ အဲဒီတစ်ကြောကဟာတွေက ဆန်လက်ကျန် ပြတ်မှန်းသိတဲ့ အခါကျတော့ ဈေးတွေကို ဆွဲတင်တာလေ။ အဲဒါကြောင့်မလို့ ဈေးတွေက‌ ဒီလောက်ကြီးတက်သွားတာ”လို့ ဦးချစ်လွင်က ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကချင်ပြည်နယ်အတွင်း ဆန်သယ်ရမလွယ်ကူတာ၊ အာဏာသိမ်းပြီးတဲ့နောက် ဆန်နဲ့စက်သုံးဆီသယ်ယူခွင့်တွေကို တားဆီးပိတ်ပင်တွေကလည်း ဆန်ဈေးတက်ရခြင်းရဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။

ဝေးလံခေါင်ဖျားတဲ့ ချီဖွေမြို့မှာ ဆန်ဈေးနှုန်းအပြင် အခြားအခြေခံစားသောက်ကုန်တွေပါ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here