မတ် ၅
ဝိုင်းမော်မြို့နယ် ဒိန်ဂျန်ယန်ကျေးရွာနှင့် ဂွေထုကျေးရွာချင်းဆက်လမ်း၏ အထက်ဘက်ရှိတောင်ပေါ်တွင် တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ဒေသခံများ၏ အပင်များကို Power Five Star ကုမ္ပဏီက ၀င်ရောက်ရှင်းလင်းခုတ်ထွင်နေကြောင်း ဒေသခံများက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဒီရွာကလူတွေက အဲဒီတောင်ကို အမှီပြုပြီး နေတာပါ။ တောင်သူတွေ တောင်ယာခုတ်စားတဲ့ နေရာလည်းဖြစ်သလို တစ်ရွာလုံးအသုံးပြုနေတဲ့ ရေဝေရေလဲနေရာလည်း ဖြစ်တဲ့အတွက် တစ်ရွာလုံးဝိုင်းကန့်ကွက်ရအောင်ဆိုပြီးတော့ အစည်းအဝေးမှာ သဘောတူညီထားပေမယ့် တချို့က လက်မခံကြဘူး။ တချို့က လူကြီးတွေမသိအောင် ပါဝါဖိုက်စတားကုမ္ပဏီကို တစ်ဧကတစ်သိန်းခွဲနဲ့ တိတ်တိတ်လေး ရောင်းလိုက်ကြတယ်”ဟု ဒိန်ဂျာယန်ကျေးရွာမှ ရာအိမ်မှူး ဦးဂွါဆာကပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အဆိုပါ လမ်းအထက်ဘက်ရှိ တောင်များအား မှီခိုလုပ်ကိုင်စားသောက်နေသည့် ဒေသခံများကို ခေါ်ယူပြီး အစည်းအဝေးပြုလုပ်ကာ တရုတ်ကုမ်္ပဏီထံ မြေယာများ ရောင်းချခြင်းမပြုရန် ပြောထားခဲ့သော်လည်း ဒေသခံအချို့မှာ ၎င်းတို့၏ မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် ရောင်းချခဲ့ကြကြောင်း သိရသည်။
အဆိုပါတောင်တွင် တစ်သျှူးငှက်ပျောများ လာရောက်စိုက်ခြင်းကြောင့် လယ်ယာလုပ်ငန်းကိုအမှီပြုကာ လုပ်ကိုင်စားသောက် နေကြသည့် ဒေသခံများအနေဖြင့် စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြရသည်ဟု ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
“ကုမ္ပဏီဘက်ကလည်း ၂၀၁၆ ခုနှစ်မှာ လမ်းအထက်ဘက်ကို မ၀င်ဘူးလို့ နှုတ်ကတိပေးထားတယ်။ အခုကျတော့ တောင်သူတွေရဲ့ မြေတွေကို ခွင့်ပြုချက်လည်း မယူဘဲနဲ့ လမ်းတွေဖောက်ပြီး ဒိန်ဂျာချောင်းရှိတဲ့နေရာအထိ တိုးချဲ့ပြီး ခြံတွေရှင်းနေတယ်”ဟု ဒိန်ဂျာယန်ကျေးရွာမှ ရာအိမ်မှူးဦးဂွါဆာက ပြောသည်။
အဆိုပါ ဒိန်ဂျာချောင်းတွင် တစ်သျှူးငှက်ပျောကုမ္ပဏီ ၀င်လာသည့်နှစ်မှစ၍ ငါးများသေဆုံးမှု ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ တစ်ရွာလုံးခေတ်အဆက်ဆက် ငါးရှာစားနေတဲ့ ချောင်းဖြစ်တယ်။ ဘယ်သူမှ ငါးတွေကို အဆိပ်ခတ်ပြီးမဖမ်းဘူး။ အခုက ချောင်းထဲမှာအဆိပ်တွေခပ်လို့ ငါးတွေ သေကုန်တယ်။ ငါးတောင် မစားရဲဘူး။ အဲဒီရေကို ကျွဲ၊ နွားတိရစ္ဆာန်တွေက သောက်တယ်။ တိရစ္ဆာန်တွေ ကျန်းမာရေးထိခိုက်မှုတွေ ရှိတယ်”ဟု ဒေသခံတောင်သူ ဦးဒါညီလေးက ပြောသည်။
ယခင်ကလည်း တစ်သျှူးငှက်ပျောစိုက်ပျိုးရန် ဒိန်ဂျာယန်ကျေးရွာအတွင်းသို့ နဂါးနှစ်ကောင် ကုမ်္ပဏီဝင်ရောက်လာကြောင်း၊ ထိုအချိန်က ရွာသားများစုပေါင်းကာ ကန့်ကွက်ခဲ့၍ တားဆီးနိုင်ခဲ့သော်လည်း လက်ရှိဝင်ရောက်နေသည့် ပါဝါဖိုက်စတားကုမ္ပဏီကိုမူ ထိုသို့ တားဆီးနိုင်ခြင်း မရှိသည့်အတွက် ၎င်းတို့ကြောင့်ဖြစ်ပေါ်လာမည့် အန္တရာယ်များကို တွေးပူနေရကြောင်း ဒေသခံများက ပြောသည်။
“အခု ပါဝါဖိုက်စတားကုမ်္ပဏီဝင်လာတော့ ရွာသားတွေကို ဘယ်လိုစည်းရုံးလိုက်လည်း မသိဘူး။ အားလုံးက ရောင်းလိုက်ကြတယ်။ ကုမ္ပဏီဘက်ကကျတော့လည်း တချို့တောင်သူတွေ မရောင်းတဲ့ ခြံတွေကိုလည်း ခြံရှင်ကိုအကြောင်းမကြားဘဲ ၀င်ရှင်းသွားကြတယ်”ဟု ဦးဂွါဆာက ပြောသည်။
အဆိုပါကျေးရွာတွင် လက်ရှိအချိန်၌ ချန်းရစ်ခူးကုမ္ပဏီ၊ ပါဝါဖိုက်စတားကုမ္ပဏီနှင့် ဦးညွန့်အောင် ဦးဆောင်သည့် ကုမ်္ပဏီများ ၀င်ရောက်လုပ်ကိုင်နေကြောင်း၊ ယင်းကုမ္ပဏီများသည် ဒိန်ဂျာယန်ကျေးရွာအား ၀ိုင်းထားသည့် အနေအထားဖြင့် ရှိနေသည့်အတွက် ယခင်ကထက် ပိုမိုစိုးရိမ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဒီတောင်ပဲ ရှိတော့တာပါ။ အခုဆို လမ်းအောက်ဘက်မှာက ကုမ်္ပဏီတွေဝင်ထားတော့ နေရာ မရှိတော့ဘူး။ အခု လမ်းအထက်ဘက်ပဲ ကျန်တော့တာ။ အခုဒီဘက်ကို ပြန်လုပ်မယ်ဆိုရင်တော့ လယ်ယာလုပ်ငန်းပဲ လုပ်ကိုင်စားသောက်ကြတဲ့ ပြည်သူတွေအားလုံး ဒုက်္ခရောက်ရတော့မှာ”ဟု ဦးဂွါဆာက ပြောသည်။
တစ်သျှူးငှက်ပျောစိုက်ပျိုးရာတွင် အသုံးပြုသည့် ဆေးဝါးများကြောင့် စပါးအထွက်နှုန်း ကျဆင်းနေကြောင်း၊ တညင်းပင်အပါအ၀င် အခြားနှစ်ရှည်သီးနှံပင်များလည်း ခုတ်ထွင်ရှင်းလင်းခံရသည့် အတွက် ဒေသခံများ၏ ၀င်ငွေများကျဆင်းရကြောင်း သိရသည်။
“အရင်နှစ်တွေတုန်းကဆိုရင် စပါးအထွက်နှုန်းများလို့ အသင်းတော်ကိုလည်း စပါးများများ အလှူထည့်နိုင်တယ်။ အခု ကုမ်္ပဏီတွေ ၀င်လာတဲ့နေ့ကစပြီး စပါးအထွက်နှုန်း နည်းလာတော့ စပါးများများ မလှူနိုင်ကြတော့ဘူး”ဟု ဦးဒါညီလေးက ပြောသည်။
မြေယာများအား ရောင်းချခြင်းမရှိဘဲ တစ်သျှူးငှက်ပျောစိုက်ပျိုးရန် အပင်များဝင်ရောက်ခုတ်ထွင်ရှင်းလင်ခြင်းကြောင့် ပျက်စီးသွားသည့် မြေယာများနှင့် အပင်များအတွက်နစ်နာကြေး ပြန်လည်ရရှိလိုကြောင်း ဒေသခံများက ပြောသည်။
“ကျွန်တော်တို့ ရွာသားတွေထဲက ၃၀ ရာခိုင်နှုန်းလောက်က မြေရောင်းထားကြတော့ ပြောအားသိပ်မရှိဘူး။ ၇၀ ရာခိုင်နှုန်းလောက်ကတော့ သူတို့လုံးဝရပ်နားသွားတဲ့အထိ ကာကွယ်ရအောင်ဆိုပြီး တားနေပါတယ်။ ပြီးတော့ ၀န်ကြီးချုပ်ဆီကိုလည်း စာတင်ဖို့အစီစဉ်ရှိပါတယ်”ဟု ဒိန်ဂျာယန်ကျေးရွာရာအိမ်မှူး ဦးဂွါဆာပြောသည်။
ထို့အပြင် ဒေသခံတောင်သူတစ်ဦးဖြစ်သော ဦးမီခီရ၏ ယမနေနှင့် တညင်းသီးပင်များ စိုက်ပျိုးထားသည့် ၃ ဧကကျော်ခန့်ကျယ်သော မြေပေါ်သို့ ကုမ်္ပဏီက ၀င်ရောက်လာပြီး အကျယ် ပေ ၃၀ ခန့်၊ အရှည် ကိုက် ၂၀၀ ခန့်ရှိသော လမ်းဖောက်လုပ်လိုက်ကြောင်း သိရသည်။
“ကုမ်္ပဏီဘက်ကို သွားပြောတာ ဘာမှမပြောလာဘူး။ နစ်နာကြေးတောင်းပြီးရင် ဒီလမ်းကို ပိတ်ပေးဖို့ ပြောမယ်။မိသားစု ၁၂ ယောက်ရှိတယ်။ ခြံမှာ ယမနေနဲ့တညင်းပင်တွေ အများကြီး စိုက်ထားတာ။ တညင်းမရောင်းနိုင်တော့မှာစိုးတယ်။ ခြံထွက်သီးနှံရောင်းပြီး မိသားစုက စားသောက်နေရတာ”ဟု ဦးမီခီရက ပြောသည်။
အဆိုပါ ဒိန်ဂျာယန်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့်လူဦးရေ ၁၀၀၀ ကျော် နေထိုင်ပြီး ဒေသခံများသည် တောင်ယာနှင့် လယ်ယာကိုသာ အဓိက လုပ်ကိုင်စားသောက်ကြသည်။
မွန်းမွန်းပန်







