နိုဝင်ဘာ၂၆
တရုတ်တစ်သျှူး ငှက်ပျောခင်းအား တောင်သူများကဖျက်ဆီးသည်ဟုဆိုကာ ဝိုင်းမော်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၈ရက်နေ့က အပြစ်ဒဏ်ချမှတ်သည့်အပေါ် တောင်သူများက ကျေနပ်မှုမရှိကြောင်း တရားစွဲခံရသူ တောင်သူဦးယိန်းကိက ပြောသည်။
တရုတ်တစ်သျှူး ငှက်ပျောကုမ္ပဏီ၏ တရားစွဲဆိုခံထားရသည့်ဝိုင်းမော်မြို့နယ် မုတ်ကျိတ်ကျေးရွာ ဒေသခံ ၇ဦးအား ငွေဒဏ် ၅သောင်း သို့မဟုတ်ထောင်ဒဏ် ၆ လ ချခံနိုင်ရန် ဝိုင်းမော်မြို့နယ် တရားရုံးမှ ချမှတ်လိုက်သည်။
ထို့ကြောင့် ဒေသခံတောင်သူများက တစ်ဦးလျှင် ငွေဒဏ် ၅သောင်းစီ ပေးဆောင်ခဲ့ကြသည်။ ယင်းတရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတွင် ဒေသခံများကျူးကျော်ဝင်ရောက်ကာ ငှက်ပျောပျိုးပင်များ ဖျက်ဆီးသည်ဟု ထွက်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း တောင်သူဦးယိန်းကိက ပြောသည်။
“ကျွန်တော်တို့က လုံးဝမကျေနပ်ဘူး၊ သူတို့ပြောတာ ကျွန်တော်တို့ကို ဖျက်ဆီးတယ်လို့ ပြောတယ်။ ကျွန်တော်တို့က ဖျက်ဆီးတာတစ်ခုမှမရှိဘူး။ သူတို့ပြောတာ အားလုံးမမှန်ဘူး”ဟု ဦးယိန်းကိကပြောသည်။
တစ်သျှူးငှက်ပျော စိုက်ပျိုးရန်အတွက် တောင်သူများထံမှ မြေများကို ဝယ်ခြင်း၊ ငှါးရမ်းခြင်းမရှိဘဲ ကုမ္ပဏီဘက်မှ မိမိသဘောဖြင့်သာ တောင်သူများ၏လယ်ယာမြေများတွင် ဘူဒိုဇာဖြင့် ကုတ်သွားကြောင်း တရားစွဲခံရသူ ဒေါ်လင်းခက်အေးက ပြောသည်။
“ထိုင်ခုံတွေ ရိုက်ချိုးတယ်ဆိုတာ သွားလုပ်တာလည်းမရှိဘူး။ ငှက်ပျောပျိုးပင်လည်းမနုတ်ဘူး။ သူတု့ိအုပ်ထားတဲ့ ဆန်ခါကိုတောင် ဖွင့်မကြည့်ဘူး။ ဆေးအနံ့တွေ အရမ်းရှိတယ်၊ ကျွန်မတို့ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေယာလည်းမရှိတော့ဘူး။ သူဌေးတွေက ဒီလောက် လာလုယက်တာကို ခံရတာကတောင်သူတွေပဲဟုတ်တယ်”ဟု ဒေါ်လင်းခက်အေးက ပြောသည်။
ယင်းအမှုသည် ငှက်ပျောစိုက်ပျိုးသည့် မျိုးဆက်သစ် ကုမ္ပဏီမှ လုပ်ငန်းလာရောက် လုပ်ဆောင်နေစဉ် ရွာသားများ လာရောက် နှောက်ယှက်ဖျက်ဆီးခဲ့သည်ဟုဆိုကာ ၂၀၁၈ခုနှစ်ဧပြီလ ၂၆ရက်နေ့တွင် အကျိုးဖျက်စီးမှုပုဒ်မ ၄၂၇ ဖြင့် ဒေသခံများကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ အမှုကိစ္စနှင့်ပတ်သက်ပြီးကုမ္ပဏီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
Ah Je