ဇွန်၊၁၄
ကချင်ပြည်နယ်၊ ဝိုင်းမော်-ချီဖွေလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း လေးခုက တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်ထားလိုက်ပြီလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဝိုင်းမော်-ချီဖွေလမ်းပေါ်က စနီခူးကျေးရွာအတွင်း တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ကနေ မနေ့ ဇွန်လ ၁၃ ရက်နေ့မှာ သွားရောက်ပစ်ခတ်ဖို့ သွားတဲ့အချိန် စစ်ကောင်စီတပ်သားတွေ အားလုံး ထွက်ပြေးသွားကြတာလို့ ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မှာလည်း ရှငေါကျေးရွာနဲ့ မန်ဒေါင်ကျေးရွာအတွင်းက တပ်စခန်းနှစ်ခုတို့ကို သွားရောက်တိုက်ခိုက်ဖို့ သွားတဲ့အချိန် အလားတူ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“အဲဒီလမ်းဘက် စခန်း ၄ ခု သိမ်းပြီ။ မနေ့က သိမ်းတာက စနီခူးတပ်စခန်း နှစ်ခုသိမ်းတယ်။ ကျွန်တော်တို့ဘက်က ပစ်ဖို့သွားတဲ့အချိန် သူတို့မရှိတော့ဘူး။ ထွက်ပြေးသွားကြတာ။ ဒီနေ့က ရှငေါနဲ့ မန်ဒေါင်ပေါ့။ ရှငေါမှာ ရှိတဲ့ လူတွေက ထွက်ပြေးသွားပြီး မန်ဒေါင်ဘက် သွားပေါင်းပြီဆိုလို့ မန်ဒေါင်ဘက် ပြန်သွားကြည့်တော့ အကုန်ထွက်ပြေးသွားကြတာ။ ဆိုတော့ မပစ်ဘဲနဲ့ နေရာတွေ အကုန် သိမ်းယူလိုက်တာပေါ့“လို့ ပြောပါတယ်။
အထက်ပါ တပ်စခန်းတွေဟာ လမ်းသွား/လာ ပြည်သူတွေကို စစ်ဆေးရေးတင်းကျပ်ပြီး အခွန်ကောက်ခံနေတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန် ဝိုင်းမော်-ချီဖွေသွားလမ်းမှာ စစ်ရေးတင်းမာနေတဲ့ အနေအထား မဟုတ်ရင်တောင် စစ်ရေးနယ်မြေလို ဖြစ်နေပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက် ပြောပါတယ်။
“စစ်ရေးတင်းမာသည်ဖြစ်စေ၊ မတင်းမာသည် ဖြစ်စေ စစ်ရေးနယ်မြေဖြစ်နေတာပေါ့။ သူတို့ ထွက်ပြေးသွားရင်တော့ ပစ်စရာ မလိုဘူးပေါ့“လို့ ဆိုပါတယ်။
ဒါ့အပြင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကောင်ဂျာရွာအနီးက ၃၁၉ စစ်ကောင်စီတပ်စခန်း အနီးမှာလည်း နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတာ သုံးရက်ဆက်တိုက်ရှိလာပြီဖြစ်ပြီး အဲဒီနေရာဘက် စစ်ကူတိုက်ပေးတဲ့ စစ်ကောင်စီရဲ့ သံချပ်ကာကားတစ်စီးကိုလည်း မနေ့က ဇွန်လ ၁၃ ရက်နေ့မှာ KIA ကနေ ပစ်ခတ်ဖျက်ဆီးလိုက်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရတာပါ။
ဝိုင်းမော်- ချီဖွေလမ်းဘက်မှာသာမက ဇွန်လ ၁၁ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအထက်ဘက် ဆဒုံး-ကန်ပိုင်တီလမ်းတစ်ကြောက စစ်ကောင်စီတပ်စခန်းတွေကို KIAက တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ချီဖွေ လမ်းခွဲ စုပေါင်းဂိတ်ဖြစ်တဲ့ ၁၃ ကီလို ဂိတ်အပြင် အဲဒီဂိတ်ကနေ အထက်ဘက် ဆဒုံးသွားလမ်းက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းစခန်းချထားတဲ့ ဘွမ်တောင်တပ်စခန်း၊ ဆဒုံးဗျူဟာကုန်းအပြင် လဖိုင်တပ်စခန်းကြီးတို့ကိုပါ ဇွန်လ ၁၁ ရက်နေ့က တစ်ရက်တည်း အပြီး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနေ့ (ဇွန်လ၁၁ရက်နေ့)မှာပဲ ဝူရောဘွမ်(Wu raw bum)၊ နရုဘွမ်(Na Ru bum)၊နရုကောင်(Na ru kawng)၊ အင်ဝန်(N wan yang)၊ ခရွမ်(Hka Rum)၊ လုဂီ(Lu Gyi) အဲဒီလိုမျိုး BGF(နယ်ခြားစောင့်တပ်)၊ ပြည်သူ့စစ်တွေ တပ်စခန်းချထားတဲ့ နေရာတွေက တပ်သားတွေအားလုံးပါ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မတ်လ ပထမအပတ်က စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၁၀၀ ကျော် သိမ်းပိုက်ရရှိထားပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ အတည်ပြုပြောပြချက်အရ သိရပါတယ်။