ပူတာအိုမြို့ဘက်တက်မယ့် ကုန်ပစ္စည်းတင်ကားတွေကို စိစစ်ပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်ခွင့်ပြု

92

 

ဇွန်၊၁၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့ဘက်တက်မယ့် ကုန်ပစ္စည်းတင်ကားတွေကို နှစ်ဖက်အဖွဲ့အစည်း(KIA နဲ့ စစ်ကောင်စီ) ကနေ စိစစ်ပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့တက်ခွင့်ပြုနေပြီလို့ ကားသမားတစ်ဦးဆီကနေ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တင်ဆောင်မယ့် ကုန်ပစ္စည်းစာရင်းတွေကို နှစ်ဖက်တပ်ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းဆီ နှစ်ရက်ကြိုတင် စာရင်းပေးပို့ထားရပြီး တက်ခွင့်ပြုမှ တစ်သုတ်ပြီးတစ်သုတ် တက်ရတယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

သွားမယ့်ကားတွေကို ပစ္စည်းစာရင်း အရင်ကောက်ပြီး ထွက်ခိုင်းတယ်။ တစ်နေ့ စီးလို့ သတ်မှတ်ပေးတယ်။ နှစ်ရက်ကြိုတင် စာရင်းပေးရတယ်။ အရင်ကလို လွတ်လွတ်လပ်လပ်တော့ သွားလို့ မရဘူးပေါ့လို့ ပြောပါတယ်။

သုံးလနီးပါးပိတ်ထားလိုက်ရတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကနေ ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ကား ၁၄ စီးကို ဇွန်လ ၈ရက်နေ့ ညနေပိုင်းက ပထမအသုတ်အဖြစ် တက်ခွင့်ပြုပေးခဲ့တာပါ။

အဲဒီနောက် မနေ့က ဇွန်လ ၁၆ ရက်နေ့မှာတော့ စက်သုံးဆီသယ်ယာဉ် သီးသန့် ၈ စီးကို တက်ခွင့်ပြုလိုက်ပြီး ဒီကနေ့မှာတော့ ကားအသေး ၇ စီး ထပ်မံထွက်ဖို့ ရှိတယ်လို့ အထက်ပါ ကားသမားတစ်ဦးက ဆက်လက်ပြောပါတယ်။

မနေ့ကတော့ ကားအသေးတွေ မတက်ခိုင်းဘူး။ မနေ့ကတက်တဲ့ ကား စီးမှာတော့ ကုန်ကားမပါဘူး။ စက်သုံးဆီသယ်ကားတွေပဲလို့ ပြောပါတယ်။

ဒါ့အပြင် အခုတင်ပို့ရောင်းချတဲ့ စက်သုံးဆီတွေကို ကုန်သည်တွေဆီ မပေးဘဲ နေရာခွဲပြီးတော့ လက်လီဈေးနဲ့ စားသုံးသူတွေဆီ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ ကြားသိရတဲ့အကြောင်း ဆိုပါတယ်။

လမ်းပိတ်နေတဲ့အချိန်က ကျပ် ၈ သောင်းကနေ တစ်သိန်းအထိ ပေးဝယ်ရတဲ့ တစ်လီတာခန့် ပါ ဓါတ်ဆီတစ်ပုလင်းကို လက်ရှိအချိန်မှာတော့ နှစ်သောင်းကျော်ဝန်းကျင်နဲ့ ဝယ်လို့ရနေပြီဖြစ်ပေမဲ့ ဆန်ဈေးနှုန်းကတော့ ဈေးသိသိသာသာ ကျသွားတာမျိုး မရှိသေးဘူးလို့ ပူတာအို ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

ကုန်ပစ္စည်းတွေကတော့ ဈေးအရမ်းကျသွားတာတော့ မရှိသေးဘူးပေါ့။ ကားတွေက နေ့တိုင်းတော့ မရောက်သေးဘူး။ အခုက တစ်သုတ်တော့ ရောက်ပြီပေါ့လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့ဘက် ကုန်ပစ္စည်းတင်ဆောင်မယ့် ကားတွေ ဒီကနေ့တက်မယ့် အစီးရေနဲ့ ပေါင်းရင် ၂၉ စီး လောက် ရှိတယ်လို့လည်း သိရပါတယ်။

အရင်က တစ်ရက်တည်းနဲ့ ရောက်တဲ့ မြစ်ကြီးနား-ပူတာအိုမြို့ခရီးဟာ အခုအချိန်မှာတော့ လမ်းတစ်လျှောက် နှစ်ဖက်တပ်ဂိတ်တွေကနေ အသေးစိတ်စစ်ဆေးရေးတွေ တင်းကျပ်တဲ့အတွက် အနည်းဆုံး တစ်ညအိပ်ခရီး သွားရတယ်လို့ ထပ်မံသိရှိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်တီတို့ မတ်လ ပထမအပတ်က ဆွမ်ပရာဘွမ်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းဟာ မတ်လ ၉ ရက်နေ့က ပိတ်သွားခဲ့တာဖြစ်ပြီး သုံးလနီးပါးအကြာ ဇွန်လ ၈ ရက်နေ့မှာတော့ နှစ်ဖက်အဖွဲ့အစည်း ခွင့်ပြုချက်နဲ့ ပြန်ဖွင့်ပေးတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here