ကန်ပိုက်တီလမ်း ပိတ်နေတာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်

25

 

ဇွန်၊၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေကြောင့် လမ်းတွေပိတ်ထားတဲ့အတွက် စက်သုံးဆီသယ်ကားတွေ မြစ်ကြီးနားမြို့ထဲ ဝင်လို့မရဘဲ မြို့တွင်းစက်သုံးဆီတွေ ပြတ်လပ်နေပြီး ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့က ဆီပန့်ဆိုင်တွေအများစုဆီ တရုတ်နယ်စပ် ကန်ပိုက်တီမြို့ဘက်ကနေ စက်သုံးဆီတွေ ဝင်တာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ဝိုင်းမာ်-ကန်ပိုက်တီလမ်းပိတ်ထားတဲ့အတွက် စက်သုံးဆီပြတ်လပ်နေတဲ့အပြင် တရုတ်ငွေနဲ့ ဝယ်ယူရတာကြောင့် ဆီဈေးနှုန်းတွေ တက်သွားတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အခုလောဆယ်ဆယ်က နိုင်ငံရေးမကောင်းတာက တစ်ကြောင်း၊ နောက်တစ်ကြောင်းက တရုတ်ပိုက်ဆံနဲ့ မြန်မာပိုက်ဆံ ငွေလဲနှုန်းတွေ မြင့်သွားတယ်လေနော်။ အဲဒါတွေကြောင့် ဈေးတက်တာက နံပါတ်(၂) ဟုတ်တယ်။ ပြတ်တာက နံပါတ်(၁) ဖြစ်နေတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်

အရင်အချိန်တုန်းက မြစ်ကြီးနားမြို့ဘက်ကို မြန်မာပြည်အောက်ပိုင်းကနေ စက်သုံးဆီတွေ တင်သွင်းကြတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကချင်ပြည်နယ်အတွင်း စက်သုံးဆီ ဝင်ရောက်တာတွေ နည်းသွားတာဖြစ်ပြီးတော့ ကန်ပိုက်တီဘက်က တင်သွင်းတဲ့စက်သုံးဆီတွေကို အသုံးပြုနေရတာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ အောက်ပိုင်းကနေလည်း မဝင်တော့သလို ကန်ပိုက်တီ ဘက်ကလည်း စက်သုံးဆီတွေ မဝင်တော့ဘူးလို့ မြစ်ကြီးနားမြို့မှာရှိတဲ့ စက်သုံးဆီပန့်တစ်ဆိုင်ရဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာကို ၅,၀၀၀ကျပ် ဝန်းကျင် ဈေးပေါက်နေပြီး ဆိုင်ကယ်၊ကားတွေကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအထက်ဘက် ဆဒုံး-ကန်ပိုက်တီလမ်းတစ်ကြောက စစ်ကောင်စီတပ်စခန်းတွေကို KIA က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် လမ်းတွေ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အထက်ပါ လမ်းကြောတစ်လျှောက်လုံး KIA က သိမ်းပိုက်ထိန်းချုပ်ထားသလို တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့မှာလည်း ကုန်သွယ်မှု ရပ်တန့်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here