စစ်ဖိနပ်အောက်မှာသင်ဖို့ ကိုယ်ပိုင်ကျောင်းဆရာ​တွေ အဆင်သင့်ဖြစ်ပြီလား

3647
စစ်ဖိနပ်အောက်စာသင်ဖို့ ကျောင်းဆရာတွေအသင့်ဖြစ်ပြီလား

အတွေးအမြင်

သစ်ဦးနွေ(မန်း/ပညာရေး)

 

မိုးဦးလည်း ကျလာပါပြီ။ဖားတွေလည်း တအုံအုံတအွမ်အွမ် အော်နေကြပြီ။ ဖားတွေနဲ့အတူ အော်နေကြတာကတော့ ကိုယ်ပိုင်ကျောင်းတွေရဲ့ ကြော်ငြာသံတွေ ညံစီလာတာပဲ ဖြစ်ပါတယ်။ဆရာလူထုစိန်ဝင်း ပြောခဲ့ဖူးပါတယ်။ပညာကို ဟန်ဘာဂါလို ဝယ်နေရတဲ့ ခေတ်တဲ့။

အခုရော ပညာရေးဟာ ဟန်ဘာဂါလို ဝယ်နေရတဲ့ခေတ် ပြန်ရောက်နေပြီလား။ပညာရေးကို ဟန်ဘာဂါဖြစ်အောင် ဘယ်သူတွေ လုပ်ဆောင်လာကြပါသလဲ။ဖြေလိုသူတွေ ဖြေကြည့်ကြပါတော့။

ဒီစာရေးနေတဲ့အချိန်မှာ ကလေးမှာရှိတဲ့ စစ်ရှောင်စခန်းတွေ လေယာဥ်တွေနဲ့ ဗုံးကျဲခံနေရပါတယ်။ဒီအချိန်မှာ ကိုယ်ပိုင်ကျောင်းဆရာ တချို့ကတော့ ဆင်ခြေအမျိုးမျိုးနဲ့ ကိုယ်ပိုင်ကျောင်းတွေ ပြန်ဖွင့်ဖို့ကြိုးပမ်းလာနေကြပါတယ်။ဟန်ဘာဂါကို အစာသွပ်ဖို့ ကြိုးစားနေကြတာပါပဲ။

စကစ က သူတို့ရဲ့အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဖို့ အမျိုးမျိုးကြိုးစားနေကြတာဖြစ်တယ်။ဆွမ်းလောင်းပွဲတွေ လုပ်ပြတယ်။တစ်ဖက်မှာတော့ လူသတ်ပွဲကြီးတွေ လုပ်နေတယ်။ကျောင်းတွေပြန်ဖွင့်နေပြီ၊အရာအားလုံးပုံမှန်ဖြစ်နေပြီလို့ သရုပ်ပြချင်နေတာပဲ ဖြစ်တယ်။ဒါကို ပညာရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြတဲ့ ကိုယ်ပိုင်ကျောင်းဆရာတွေမှာ စဥ်းစားတွေးခေါ်ပိုင်းခြားတတ်တဲ့ ကိုယ်ပိုင်ဉာဏ် မရှိကြတော့ဘူးလား။စစ်ကျွန်ပညာရေးစနစ်အောက် ပြန်သွားဖို့ ကိုယ်ပိုင်ကျောင်းဆရာတွေ နဖားကြိုးအဆွဲခံတော့မှာလား။စစ်ဖိနပ်အောက် နောက်တစ်ကြိမ် ဒူးထောက်တော့မှာလား။

သတင်းတစ်ခု ဖတ်လိုက်ရတယ်။အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။စစ်အင်ဂျင်နီယာကျောင်း DSTA ဆင်း ဗိုလ်တစ်ဦး CDM ပြုလုပ်လာတဲ့ သတင်းပါ။သူက အင်တာဗျူးတစ်ခုမှာ ပြောထားတယ်။

ပြည်သူကကျွေးသော ထမင်းကိုစား၊ ပညာတွေသင်ပြီး အဓိက တာဝန်ဖြစ်တဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ့်အစား ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်နေတာတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ပြည်သူပေးတဲ့ လက်နက်ကိုင်ပြီး ဖျက်ဆီးနေသော ကိုယ်ကျိုးရှာအာဏာရှင်တွေရဲ့လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် CDM ပြုလုပ်ခဲ့ပါတယ်…“တဲ့။

စကစရဲ့ လက်အောက်ခံတပ်သားတွေတောင် ပြည်သူ့အရိပ် ခိုလှုံလာကြပြီ။တစ်နေ့တခြား ပြည်သူ့အရိပ်မှာ ခိုလှုံလာနေပြပြီ။ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းဆရာတွေကကိုယ်ပိုင်ကျောင်းတွေ ဖွင့်ဖို့ ရုပ်ရှင်လက်မှတ်တန်းစီသလို ကျွဲတိုးနွားတိုး တိုးဝှေ့တန်းစီနေကြတာ ဘာလို့ပါလဲ။ကျွန်နံ့မစင်သေးလို့လား။ ကျွန်ဇာတ်သွင်းနေတဲ့ စစ်ကျွန်ပညာရေးမှာ ကိုယ်တိုင် ကပြ အသုံးတော်ခံတော့မှာလား။

မအလ အာဏာသိမ်းတော့ လမ်းပေါ်ထွက်ဆန္ဒပြကြတော့ ကျူရှင်ဆရာတွေလည်း ပါဝင်ခဲ့ကြတယ်။ကိုယ်ပိုင်ကျောင်းဆရာတွေ ပါဝင်ခဲ့ကြတယ်။ဒါအမှန်တရားပါပဲ။လေးစားအသိအမှတ် ပြုခဲ့ပါတယ်။တချို့ ကိုယ်ပိုင်ကျောင်းဆရာတွေဆို ၅၀၅နဲ့ ငြိတယ်။ရှောင်ရတယ်။ပြေးရတယ်။အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမယ်ဆိုပြီး ဓမ္မဘက်တော်သား ကိုယ်ပိုင်ကျောင်းဆရာတွေ ဖြစ်ခဲ့ကြတယ်။အနာဂတ်လူငယ်တွေရဲ့ ဟီးရိုးတွေ ဖြစ်ခဲ့ကြတယ်။ အဲ့ဒါ ငါတို့ကိုယ်ပိုင် ကျောင်းဆရာလေ၊အဲ့ဒါ ငါတို့ကိုယ်ပိုင်ကျောင်းက ဆရာမပေါ့….ဆိုပြီး တပည့်တွေက အတုယူကြရတယ်။အဲ့ဒီလေးစားကြည်ညို လေးမြတ်မှုတွေကို ကိုယ်ပိုင်ကျောင်းဆရာတွေ ကျောခိုင်းတော့မှာလား။ နောက်ဆုံးတော့ ကိုယ်ပိုင်ကျောင်းဆရာဆိုတာကလည်း အသပြာဆရာပါပဲ ဆိုတဲ့ တံတွေးခွက်ထဲ မျောလိုက်တော့မှာလား။

တချို့မိဘတွေက ကလေးတွေအတန်းမတက်ရမှာ တွေးပူကြအမှန်ပါ။ဖက်ဒရယ်ပညာရေးစနစ်မှာ အတန်းအ​ရေအတွက်ဟာ အရေးမကြီးပါဘူးဆိုတာ ကျောင်းသားမိဘတွေရော၊ကိုယ်ပိုင်ကျောင်းဆရာတွေရော သဘောပေါက်သိရှိသင့်ပါတယ်။တတ်မြောက်မှုသာ အဓိကဖြစ်တယ်ဆိုတာသိကြပါလိမ့်မယ်။ တော်လှန်ရေးကြောင့်အတန်းမတက်ရမှာ၊ကျောင်းမတက်ရမှာ တွေးပူနေကြတာ မဟုတ်လား။ အတန်းမရတဲ့ ကလေးတွေအနေနဲ့ စာတတ်အောင်သာ သင်ကြားထားဖို့ အရေးကြီးတယ်ဆိုတာ သိစေချင်ပါတယ်။

ကိုယ့်ကလေးစာတတ်ဖို့ စကစယန္တရားအောက်က ကျောင်းတွေမှာ သွားသင်စရာမလိုဘဲ သင်ယူရမယ့်နည်းလမ်းတွေ ရှာကြံရမှာဖြစ်ပါတယ်။အွန်လိုင်းကနေသင်မလား။အိမ်မှာ ကိုယ့်ကလေးကို စဥ်ဆက်မပြတ် ပညာရေးဖြစ်စေအောင် သင်ကြားရမယ့်နည်းလမ်း ရွေးချယ်လို့ရပါတယ်။ စာရှည်နေမှာစိုးလို့ အဲ့ဒါကိုဒီမှာ အကျယ်မပြောတော့ပါဘူး။

NUG က လည်း တရားဝင်အာမခံပြီးသားပါ။ သင်ယူပြီးမြောက်ရမယ့်၊အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အတန်းကစာတွေ ကျေညက်ပြီဆိုရင် အတန်းရဖို့အတွက်ကို လုံးဝစိတ်ပူစရာမလိုအပ်တော့ပါဘူးဆိုတာ အာမခံပြီး ဖြစ်ပါတယ်။ စကစဖွင့်တဲ့ ကျောင်းတွေ ဆီ၊ စကစလက်အောက်ခံ ကိုယ်ပိုင်ကျောင်းတွေဆီ မသွားဘဲ

နွေဦးတော်လှန်ရေးကာလမှာကလေးကို အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အတန်းကစာတွေနဲ့ အဆက်မပြတ်စေအောင် တခြားနည်းလမ်းတွေနဲ့သာ သင်ကြားပေးထားသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

မက်သယူ အာနောယ်လ်(Mathew Arnold)ကဒီလိုပြောခဲ့ပါတယ်။ဆရာ့ဂုဏ်ကျေးဇူးတွေလေ။

-For rigorous teachers seized my youth,

(ငါတို့ရဲ့ လူငယ်ဘဝကို အားထားလောက်စရာ ဆရာတွေက စိုးမိုးထားတယ်)

-And purged its faith,

(ငါတို့ရဲ့ ယုံကြည်မှုကို တည့်မတ်စေတယ်)

-And trimmed its fire,

(ငါတို့ရဲ့ ပြင်းပြလှတဲ့ ဆန္ဒတွေကို ထိန်းညှိပေးတယ်)

-Showed me the high, white star of truth,

(ငါတို့ကို အမှန်တရားဆီသို့ လမ်းပြပေးတယ်)

-There fade me gaze,

(ငါတို့ကို အမှန်တရားဆီသို့ ငေးမျှော်ကြည့်စေတယ်)

-and there aspire.

(ငါတို့ကို အမှန်တရားဆီလျှောက်ဖို့ အားပေးတယ်)

မက်သယူ အာနောယ်လ်ပြောတဲ့ အမှန်တရားကို စကစရဲ့ ယန္တရားအောက်မှာ ဆရာတွေ လမ်းပြလို့ရမလား။ဆရာတွေအမှန်တရားကို ဘယ်လိုလမ်းပြကြမှာပါလိမ့်။စစ်ကျွန်ကညာရေးရဲ့ ခွေးသွားစိတ်နေရာမှာ နေထိုင်ပြီး အမှန်တရားဆီလျှောက်ဖို့ ဘယ်လိုအားပေးကြမှာပါလိမ့်။

ရုံးမတက်နဲ ရုန်းထွက်လို့ အော်ခဲ့ကြလို့ ရုန်းထွက်ခဲ့ကြတဲ့ CDMဆရာဆရာမတွေကို ငဲ့မကြည့်ကြတော့ဘူးလား။ CDMဆရာတွေတောင် ပညာရေးအလုပ်ကိုစွန့်ပြီးချဥ်ပေါင်းရောင်းသူကရောင်း၊ဟင်းရွက်ရောင်းသူရောင်း၊ မဝရေစာ လစာလေးနဲ့ဝန်ထမ်းလုပ်ခဲ့ရင်း CDMလုပ်ခဲ့ကြတာတွေ မစဥ်းစားတော့ဘူးလား။သူတို့လည်း အဆင်ပြေ မနေပါဘူး။ ငတ်နေကြပါတယ်။ ဆာလောင်နေကြပါတယ်။မရရေစာ စားနေကြရပါတယ်။တချို့ စစ်ရှောင်တွေနဲ့အတူ ပြေးလွှားနေကြရပါတယ်။တချို့ သေဆုံးနေကြရပါတယ်။ဒီလို ဒုက္ခပေါင်းစုံဆိုက်နေတဲ့ ဆရာ/မတွေကို မငဲ့တော့ဘူးလား။လက်သုံးချောင်ထောင်ပြီး အဆုံးသတ်တိုက်ပွဲဝင်ဖို့ တပည့်တပန်းတွေနဲ့အတူ မတရားမှုကို တိုက်ထုတ်ခဲ့ကြတဲ့ ဓမ္မဘက်တော်သား ဘဝကနေ အဓမ္မဘက်မှာ ငွေမျက်နှာတစ်ခုတည်းနဲ့ ငါ့အတွက်၊ငါ့မိသားစုအတွက်ဆိုပြီး အတ္တကို ရှေ့တန်းတင်ရင်း အာဏာရှင်အောက်မှာ ကိုယ်ပိုင်ကျောင်းဆရာတွေ ပညာတွေ သင်ပေးကြတော့မှာလား။သမိုင်းလှလှရေးသူ အဖြစ်ကနေ သမိုင်းတရားခံအဖြစ် ကျရောက်ခံရတော့မှာလား။

ကျေးလက်တောရွာတွေမှာ ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ဘဝတွေကို ကိုယ်ချင်းစာပေးကြပါဦး။ တချို့တွေ ပညာသင်ကြားဖို့ မပြောနဲ့ အသက်ရှူနေရတဲ့ လေထုတောင် နပ်မှန်အောင် မရှူကြရဘဲ ပြေးလွှားနေရတဲ့ ဘဝတွေကို ဦးနှောက်နဲ့ နှလုံးသားပေါင်းပြီး ချင့်ချိန်တွေးဆ နှိုင်းဆကြပါဦး။ဆရာဆိုတာ အရာရာကို ချိန်ချိန်ဆ ဆ နှိုင်းနှိုင်းဆ ဆ ပြုမူဆောင်ရွက်ရတဲ့သူတွေပါ။

ကိုယ်ပိုင်ကျောင်းဖွင့်သူတွေက ဒီလိုဆင်ခြေပေးတတ်ကြပါတယ်။မိဘများက အတင်းဖွင့်ခိုင်းနေ၍ ဖွင့်ရခြင်းပါပေါ့။ မိဘက အတင်းဖွင့်ခိုင်းတိုင်း အမှားအမှန် အဆိုးအကောင်း အကျိုးအကြောင်း ခွဲခြားနိုင်တဲ့ အသိဉာဏ် ကိုယ်ပိုင်ကျောင်းဆရာတွေမှာ မရှိတော့ဘူးလား။

ဆန္ဒပြပွဲတွေမှာတုန်းက ရုံးမတက်နဲ့ရုန်းထွက် ကြွေးကြော်ပြီး CDMလုပ်ဖို့ လက်သီးလက်မောင်း တန်းခဲ့ကြတာ မေ့နေပြီလား။ CDM လုပ်ခဲ့ကြတဲ့ ဆရာဆရာမတွေရဲ့ မျက်နှာကို ကျောခိုင်းခဲ့ပြီလား။ တချို့ကိုယ်ပိုင်ကျောင်းဆရာတွေကပြောတတ်ကြပါသေးတယ်။ အကြွေးတွေ ပေးစရာရှိလို့ပါပေါ့။ အသက်တွေပေးခဲ့ကြသူတွေတောင် ဒုနဲ့ဒေးပါ။အသက်ပေးပြီး တောင့်ခံခဲ့ကြသူတွေအတွက် ထည့်တွက်ပေးကြပါဦး ဆရာတို့။မြင့်မြတ်သူကြီးတို့၊အနန္တောအနန္တဂိုဏ်းဝင် ဆရာဆရာမများတို့။

အနန္တောအနန္တဂိုဏ်းဝင်စာရင်းကနေ ရန်သူမျိုးငါးပါးထဲ မတိုးဝင်ချင်ကြပါနဲ့ ဆရာဆရာမများတို့။ နာယကဂုဏ်နဲ့ပြည့်စုံတဲ့ ဆရာ/မဆိုရင် ဘယ်လိုနည်းနဲ့မှ ဓမ္မမရှိတဲ့ လက်အောက်မှာ ပညာသင်ကြားဖို့ ဆုံးဖြတ်ချကြမှာ မဟုတ်ပါဘူး။သူတော်ကောင်းတရား (၇)ပါးနဲ့ ပြည့်စုံတဲ့ ဆရာဆိုရင်အမှန်တရားကို မြေမြှုပ်ဖျောက်ပစ်နေတဲ့ စစ်ဖိနပ်အောက်မှာ ဒူးထောက်ခစား ဖော်လံဖားပြီး လက်ညှိုးထောင် ခေါင်းညိတ်ကြရမယ့် နွံထဲ ခုန်ချကြမှာမဟုတ်။

ကိုယ်က ဘယ်လို ဆရာမျိုးလဲ။ဓမ္မဘက်​တော်သားဆရာလား။ အဓမ္မ ဘက်​တော်သားဆရာလား။ကဲ…. ကိုယ်ပိုင်ကျောင်းဆရာ​တွေ  အရိုးကိုက်ရင်း ကျွန်စော်နံ့သင်းသင်းနဲ့ စစ်ဖိနပ်အောက်မှာ သင်ကြားဖို့ အဆင်သင့်ဖြစ်ပြီလား။ ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here