ဧပြီ၊၄
ကချင်ပြည်နယ်၊ တနိုင်းမြို့အတွင်းက ကျေးရွာတာဝန်ရှိသူတွေကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(တနိုင်း)ကိုယ်စားပြု စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကနေ ခေါ်ယူတွေ့ဆုံပြီး စစ်မှုထမ်းဖို့ လူစာရင်း ကောက်ခံခိုင်းထားတယ်လို့ တနိုင်းဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ်လ ဒုတိယအပတ်လောက်က ဒကစ (တနိုင်း)ကိုယ်စားပြု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကနေ ကျေးရွာကိုယ်စားပြု တာဝန်ရှိသူတွေကို တနိုင်းမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ ခေါ်ယူတွေ့ဆုံပြီး တစ်ရွာကို လူသုံးဦးစီ စာရင်းပေးပို့ဖို့ ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ တနိုင်းဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ပထမအသုတ်က အသက် ၃၀ ကနေ ၃၅ ကြား သုံးယောက် ရွေးပြီး တစ်ယောက် ပြန်ရွေးမှာပေါ့။ အဲဒီတစ်ယောက်က ဆေးစစ်ဆေးချက်တွေ အောင်ရမှာပေါ့။ တစ်ရွာ တစ်ယောက်ပေါ့”လို့ ဒေသခံက ပြောပါတယ်။
အဲဒီ အစည်းအဝေးမှာ တနိုင်းမြို့ပေါ်ရပ်ကွက်တွေအပြင် အနီးနားက ကျေးရွာတွေဖြစ်တဲ့ တိန်ကောက်၊ ကောင်ရာ၊ နန်ဖြတ်၊ မကော၊ လမုန်၊ မိုင်းခွန်စတဲ့ ကျေးရွာ ၁၀ခုလောက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအတွင်း လူဦးရေစာရင်းကောက်ခံတာ မရှိသေးဘဲ ညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ ကျေးရွာ တာဝန်ရှိသူတွေကို ဖိအားပေး ပြောဆိုထားတာတွေ ရှိတယ်လို့ ကြားသိရပေမဲ့ အသေးစိတ်ကိုတော့ မသိရှိရဘူးလို့ နောက်ထပ်ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
တနိုင်းမြို့အနီးက ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးကလည်း စစ်မှုထမ်းဖို့ နာမည်စာရင်းကောက်ခံခိုင်းတယ်ဆိုတာ ကြားသိရတယ်လို့ ပြောပါတယ်။
“ကျေးရွာတစ်ရွာစီ တစ်ယောက်နှုန်းနဲ့ လူစာရင်းကောက်ခိုင်းတယ်လို့ ပြောတယ်။မရရင်တော့ မဲစာရင်းစနစ်နဲ့ ဖြစ်လာမယ်ဆိုပြီး ပြောလိုက်တယ်လို့ ကြားမိတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီကနေ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် ဖေဖော်ဝါရီလ တတိယအပတ်လောက်က တနိုင်းမြို့စုပေါင်းဂိတ်ရှေ့မှာ စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်တွေကို ဖြန့်ဝေခဲ့ပါတယ်။
စစ်ကောင်စီဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး မတ်လ လဆန်းပိုင်းလောက်ကတည်းက နိုင်ငံအနှံ့ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေပါမကျန် စစ်မှုထမ်းဖို့ ဆင့်ခေါ်နေပြီးတော့ ကချင်ပြည်နယ်မှာလည်း ခရိုင်မြို့တွေက ရပ်ကွက်/ကျေးရွာတွေမှာ ဆင့်ခေါ်စာတွေ ရောက်ရှိနေပြီး မြန်မာနိုင်ငံအတွင်းက တချို့မြို့နယ်တွေမှာတော့ ခေါ်ယူသင်တန်းပေးနေတာတွေတောင် ရှိနေပါပြီ။