စစ်ရှောင်အမျိုးသမီးများရဲ့ နေ့စဉ်တိုက်ပွဲ

853
ဒေါ်ထုမိုင်

ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်း တောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုမြို့ငယ်လေးမှာ အပူချိန် ၉ ဒီဂရီလောက်ထိ အေးစက်လို့ နေပါတယ်။ ဒီမြို့လေးရဲ့ ၉ ပေပတ်လည်လောက်ရှိတဲ့ အခန်းကျဉ်းလေးတစ်ခုမှာ လူတစ်စုဟာ အအေးဒဏ်ကို အံ့တုလို့နေပါတယ်။ သူတို့ကတော့ ကချင်ပြည်နယ်ရဲ့ ပဋိပက္ခတွေအကြားမှာ မိမိတို့ကျေးရွာနေအိမ်ကိုစွန့်ပြီး ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေ ဖြစ်ကြပါတယ်။

၂၀၁၃ ခုနှစ် သြဂုတ်လလောက်က တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် မချမ်းဘောမြို့နယ် နောင်ခိုင်စစ်ရှောင်စခန်းမှာ ၂ နှစ်နေထိုင်ခဲ့ရပြီး၊ ၂၀၁၅ ခုနှစ်မှာ ပူတာအိုမြို့ လုံစွတ်ရပ်ကွက်မှာရှိတဲ့ စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့ကြရတဲ့သူတွေ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာ ပိန်ပိန်ပါးပါးနဲ့ ပန်းရောင်ဆွယ်တာ အင်္ကျီနွမ်းနွမ်းလေး ဝတ်ဆင်ထားသူ ဒေါ်ထုမိုင်က မချမ်းဘောမြို့နယ် အင်ဖီဂါးကျေးရွာမှာ နေထိုင်သူဖြစ်ပြီး၊ လယ် ၂ဧကနဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပါတယ်။

စစ်ပွဲက တစ်နှစ်ပြီးတစ်နှစ် မငြိမ်းချမ်းနိုင်ဘဲ ရှိနေတဲ့အခါ ဒေါ်ထုမိုင်တို့လို စစ်ရှောင်ပြည်သူတွေ အနေနဲ့ အစိုးရနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့တာကိုမျှော်လင့်နေလို့မရဘဲ ကိုယ့်ဝမ်းရေးအတွက် ကြိုးစားအလုပ်လုပ်နေရတယ်လို့ ဆိုပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းရှားပါးတဲ့ ပူတာအိုလို မြောက်ဖျားစွန်း မြို့ငယ်လေးမှာ စစ်ပြေးပြီး ရောက်လာသူတွေအဖို့ အလုပ်အကိုင်ရဖို့က ခက်ခဲလှပါတယ်။
“အရမ်းလည်း စိတ်အားငယ်တယ်။ ဘာအလုပ်ပဲလုပ်ရင် ကောင်းမလဲလို့ အမြဲတမ်း တွေဝေပြီး စိတ်ညစ်ရတယ်”လို့ သူမက ဆိုပါတယ်။

ပူတာအိုမြို့တွင်းမှာ လမ်းခင်းသည့် လမ်းအလုပ်သမား နေ့စားအလုပ်၊ ဝိုင်လုပ်သည့်ကုမ္ပဏီမှာ အသီးညှစ်သည့် နေ့စားအလုပ်နဲ့ ကုန်တင်ကုန်ချ နေ့စားအလုပ်များသာရှိပါတယ်။ ဒီအလုပ်တွေမှာ အမျိုးသမီးတွေအတွက် တစ်ရက် လုပ်အားခအနေနဲ့ မြန်မာငွေ ခြောက်ထောင်ကျပ် ရပါတယ်။ အမျိုးသားဆိုရင် ခုနှစ်ထောင်ကျပ် ရပါတယ်။ ဒါပေမဲ့နေ့စား အလုပ်တွေဟာ အမျိုးသမီးတွေကို မလိုလားကြပါဘူး။

“အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် အလုပ်မလုပ်နိုင်ဘူး ဆိုတဲ့ ယူဆချက်နဲ့ အမျိုးသမီးတွေကို လုပ်ခလျှော့ပေးတဲ့အပြင် အမျိုးသမီး အလုပ်သမားတွေကို ငြင်းဆိုလေ့ရှိတယ်”

လို့ ဒေါ်ထုမိုင်က ပြောပါတယ်။

“လမ်းခင်းတဲ့ အလုပ်က အမြဲမရှိဘူး။ ရှိတဲ့အခါမှာလည်း ကျွန်မတို့ လာတာကို မကြိုက်ဖူး”လို့ သူမက ဆိုပါတယ်။
ဒေါ်ထုမိုင်လိုပဲ လုံစွတ်စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေရတဲ့ သူကတော့ အသက် ၅၀ ကျော်အရွယ် သား ၆ ယောက်ရဲ့မိခင်ဖြစ်သူ ဒေါ်ဂျာရော်ဖြစ်ပါတယ်။ သူကလည်း မချမ်းဘောမြို့နယ် အင်ဖီဂါးကျေးရွာက ဖြစ်ပါတယ်။ ဒေါ်ဂျာရော်ကတော့ သစ်သီးဝိုင် ထုတ်လုပ်တဲ့ ကုမ္ပဏီမှာနေ့စားလုပ်ပြီး ဒီဝင်ငွေနဲ့ နေ့စဉ် စားဝတ်နေရေးကို ဖြေရှင်းရပါတယ်။
“တောင်ယာ လုပ်ရင်တော့ စားဖို့က အကုန်အဲဒီကရတယ်။ ခုတော့ ဝယ်ချည်းပဲဝယ်စားနေရတော့ စုတဲ့ပိုက်ဆံဆိုလို့ တပြားမှမရှိဘူး။ ရတဲ့ပိုက်ဆံက အကုန်မီးဖိုချောင်သုံးပဲ ဖြစ်သွားတယ်”လို့ ပြောပြပါတယ်။

ပူတာအိုမြို့နယ် လုံစွတ်စစ်ရှောင်စခန်းမှာ လူဦးရေ ၃၀၀ နီးပါးနေထိုင်ကြပြီး အမျိုးသမီးနှင့် ကလေး ၂၀၀ ကျော်၊ သက်ကြီးရွယ်အို ၃၀ လောက် နေထိုင်နေကြပါတယ်။ သူတို့အားလုံးက မချမ်းဘောမြို့နယ်နှင့် ပူတာအိုမြို့နယ် အင်ဖီဂါး၊ အင်ခါးဂါး၊ ဖကန်ယာန်နှင့် ကနိုင်ယာန် ကျေးရွာတွေကနေ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသူများ ဖြစ်ကြပါတယ်။

ကချင် ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) နဲ့ မြန်မာ့တပ်မတော်တို့ အကြား နေရာအနှံ့အပြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ကချင်ပြည်နယ် ပြည်သူတွေ စစ်ဘေးရှောင်စခန်း တွေမှာ နေထိုင်နေကြရတာအခု ဆိုရင် ဆယ်စုနှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ တစ်သိန်းကျော်ရှိနေပါတယ်။

လုံစွတ် စစ်ရှောင်စခန်းက အမျိုးသမီးအများစုဟာ ကြုံရာကျပမ်းနေ့စားအလုပ်တွေကိုသာ မှီခိုလုပ်ကိုင်နေရတာကို တွေ့ရကြောင်း စစ်ရှောင်စခန်းကို တာဝန်ယူစောင့်ကြည့်နေတဲ့ ကေဘီစီဖွံ့ဖြိုးရေး ဌာနက သိက္ခာတော်ရဆရာ ဖုန်ထိန့်က ပြောပါတယ်။ စစ်ရှောင်အမျိုးသမီးများအတွက် ဝက်မွေးမြူရေး၊ ဆပ်ပြာလုပ်သင်တန်း၊ မြေသြဇာလုပ်နည်း၊ ဟင်းသီး ဟင်းရွက်စိုက်ပျိုးနည်း၊ စက်ချုပ်သင်တန်း အခြေခံသင်တန်းတွေကို မြန်မာ့ကြက်ခြေနီအသင်းနဲ့ ကေဘီစီတို့က လာရောက် သင်ကြားပေးခဲ့တာမျိုးတွေရှိပေမယ့် အခြေခံပညာသာ ဖြစ်ပါတယ်လို့ ကေဘီစီဖွံ့ဖြိုးရေးဌာနက သိက္ခာတော်ရဆရာဖုန်ထိန့်က ဆက်လက်ပြောပါတယ်။

“သင်တန်းတွေ လာပေးထားတဲ့ ဟာတွေနဲ့လည်း အမှန်တကယ် လုပ်ကိုင်စားသောက်ဖို့ မလွယ်ကြဘူးဖြစ်နေတယ်။ အရင်းအနှီးမရှိတာ တစ်ကြောင်းနဲ့ မတတ်နိုင်ကြဘူးလေ”ဟု သူက ဆိုပါတယ်။

လက်ရှိ လုံစွတ် စစ်ရှောင်စခန်းမှာ အထောက်အပံ့အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(UNFP) အဖွဲ့ရဲ့ ထောက်ပံ့ငွေ အိမ်ထောင်စုတစ်စု အတွက် တစ်လ ၁၄၀၀၀ ကျပ်ပေးနေပါတယ်။

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFP) အဖွဲ့လည်း ကူညီထောက်ပံ့ ပေးနေကြောင်းလည်း သိရပါတယ်။
ပူတာအိုမြို့ လုံစွတ်စစ်ရှောင်စခန်းမှ စစ်ရှောင်အမျိုးသမီးတချို့ အလုပ်အကိုင်ရှားပါးမှု ပြဿနာကြုံတွေ့ရမူတွေကြားက နေရပ်ပြန်ချင်စိတ်တွေ၊ နေရာသစ်ကို ပြောင်းရွေ့ရမယ့် စိုးရိမ်ပူပန်မှုတွေနဲ့ တွေဝေစိတ်တွေ ခံစားနေရကြောင်း ညိုးငယ်တဲ့မျက်နှာထားနဲ့ ပြောပြကြပါတယ်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here