ရုန်းကန်ရှင်သန် (ဓာတ်ပုံဆောင်းပါး)

91

ရုန်းကန်ရှင်သန် (ဓာတ်ပုံဆောင်းပါး)

စိုင်းခေ

ဖေဖော်ဝါရီ (၂၅)

ဟဲ့ ကြက်တွေ သွားစမ်း” ဆိုတဲ့အသံတွေဟာ ဒီပတ်ဝန်းကျင်မှာတော့ နေ့တိုင်း ကြားနေကြရတဲ့ အသံတွေ ဖြစ်ပါတယ်။

ဒီနေရာကတော့ မြန်မာနိုင်ငံအနောက်ဘက်၊ ရိုးမတောင်တန်းတွေကြားမှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ တောတွင်းစခန်းမှာပါ။

ဒီလျှိုမြောင်တွေကြားက စခန်းဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် စားနပ်ရိက္ခာ သယ်ယူရခက်သလို လိုအပ်တဲ့ အသားကိုလည်း ဝယ်ချင်တိုင်း ဝယ်လို့မရပါဘူး။

ဒါကြောင့် တော်လှန်ရေးအဖွဲ့ဝင်တွေဟာ လူတွေအတွက် လိုအပ်တဲ့ ပရိုတင်း(အသား) ဓာတ်ကို နည်းနည်းလောက်ဖြစ်ဖြစ် ဖြည့်တင်းနိုင်အောင်ဆိုပြီး ကြက်တွေမွေးမြူကြရပါတယ်။

ပုံစာ – အနောက်ရိုးမရှိ တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ မွေးထားသည့် ကြက်များကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ တွေ့ရစဉ်

တောတွင်းစခန်းစတည်ထောင်ချိန် ကြက်တွေစမွေးတုန်းကတော့ တောကြောင်တွေနဲ့ စပါးအုံမြွေကြီးတွေက ကြက်ခြံထဲထိ လာလာဆွဲကြလို့ လူတွေသိပ်မစားရပါဘူး။

နောက်ပိုင်းမှာတော့ အစာကွင်းဆက်ရဲ့ထိပ်ဆုံးမှာရှိတဲ့ လူတွေနားကနေ တောရိုင်းတိရစ္ဆာန်တွေ တဖြည်းဖြည်း ထွက်ပြေးသွားကြပါတယ်။ ဒါပေမဲ့ တောကြောင်တွေကတော့ အခုထိ ညဘက် တစ်ခါတစ်လေ လာလာဆွဲနေကြတုန်းပါ။

ပုံစာ – အနောက်ရိုးမရှိ တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ရှိသည့် ကြက်ခြံတစ်ခု၏ အတွင်းပိုင်းကို ၂၀၂၅ နှစ်ဆန်းပိုင်းက မြင်ရစဉ်

မနက်ဘက်ရောက်ရင်တော့ ဒီစခန်းက ရဲဘော်တွေဟာ ကြက်တွေကို ဆန်ကွဲတို့၊ မနေ့ညကကျန်တဲ့ ထမင်းကြမ်းတို့ကို ပက်ကျွေးကြပြီး ကြက်သားပေါက်ထားချိန်ဆို ကြက်ကလေးတွေကိုလည်း အကောင်ရေပြည့်မပြည့် စစ်ကြပါတယ်။

တစ်ခါတစ်လေ တချို့အကောင်လေးတွေက အကြောင်းအမျိုးမျိုးကြောင့် သေသေသွားတတ်လို့ပါ။ သားထိန်းကောင်းတဲ့ ကြက်မကြီးတွေကိုတော့ ရဲဘော်တွေက တအားသဘောကျကြပါတယ်။

ပုံစာ – အနောက်ရိုးမရှိ တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ မွေးထားသည့် ကြက်များကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ တွေ့ရစဉ်

ကြက်မွေးတဲ့အချိန်မှာတော့ အကြီးဆုံးကြက်ဖကြီးနဲ့ ကြက်မတွေကို အမြဲချန်မွေးထားလေ့ရှိပြီး တခြားကြက်ဖပျိုတွေကိုပဲ ချက်စားလေ့ရှိပါတယ်။ တိုက်ကြက်အမေကမွေးတဲ့ ကြက်ဖတွေကိုဆိုရင်တော့ တချို့ ရဲဘော်တွေက မွေးထားတတ်ပါတယ်။ ကြက်ဖတွေ အင်အားနည်းသွားတဲ့အချိန်မျိုးဆိုရင်တော့ ကြက်မလေးတွေကို တောကြက်ဖလေးတွေက ဖိုသံလာလာပေးလေ့ရှိပါတယ်။

ပုံစာ – အနောက်ရိုးမရှိ တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ မွေးထားသည့် ကြက်များကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ တွေ့ရစဉ်

 

ပုံစာ – အနောက်ရိုးမရှိ တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ ကြက်ပစ်ထွက်ရန် သွားနေကြသည့် ရဲဘော်များကို ၂၀၂၅ နှစ်ဆန်း၌ တွေ့ရစဉ်

ကြက်သားချက်တဲ့အချိန်တွေကတော့ ရှေ့တန်းကစစ်ကြောင်းပြန်လာချိန်တွေ၊ အသားမစားရတာ တစ်လနီးပါးကြာတဲ့ အချိန်တွေ၊ တပ်က အသားဝေတဲ့အခါ အမဲသား၊ ဝက်သား မစားတဲ့သူတွေ ပါတဲ့အချိန်တွေ၊ နေမကောင်း၊ နာလန်ထစလူနာတွေအတွက် အသားလိုတဲ့အချိန်တွေနဲ့ ဧည့်သည်လာတဲ့အချိန်တွေမှာပဲ ချက်တာဖြစ်ပါတယ်။

ပုံစာ – အနောက်ရိုးမရှိ တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ ကြက်ပစ်သူနှင့် ပွိုင့် ၂၂ ကျည်ထိမှန်ထားသည့် ကြက်တို့ကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ မြင်ရစဉ်

ဒါကြောင့် ကြက်တွေဟာ သူတို့ဟင်းအိုးထဲမရောက်မခြင်း နေ့တိုင်းစခန်းကွင်းထဲမှာ ပတ်သွား၊ အစာရှာ ကြပြီး မီးဖိုချောင်တွေထဲလည်း ဝင်ကြတဲ့အပြင် ရှင်သန်စားသောက်ရေးအတွက် ရှိသမျှ အိတ်တွေကိုလည်း လိုက်ဖောက်တတ်ကြပါတယ်။

ကြက်တွေ ဆန်အိတ်တွေ၊ ပဲအိတ်တွေကို ဖောက်နေချိန် နဲ့ မီးဖိုချောင်ထဲ လူဝင်တဲ့အချိန် ကြုံရင်တော့ “ဟဲ ကြက်တွေ သွားစမ်း” ဆိုတဲ့ လူတွေရဲ့ အော်သံ၊ ခြောက်သံတွေကိုကြားရပါပြီ။

ပုံစာ – တောတွင်းစခန်းရှိ မီးဖိုချောင်တစ်ခုအတွင်း ဝင်ရောက်နေသည့် အိမ်မွေးကြက်များကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ မြင်ရစဉ်

နောက်ပိုင်းမှာ ကြက်တွေမဝင်နိုင်အောင် မီးဖိုချောင်တွေကိုလုံအောင် ကာ ကြရပါတယ်။ ဒါပေမဲ့လည်း ကြက်တွေက ဝင်လို့ရတဲ့အပေါက်ကနေ ဝင်နေကြသလို လူတွေကလည်း အော်ဟစ်မောင်းထုတ် နေရတုန်းပါ။

ပုံစာ – အနောက်ရိုးမရှိ တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ ကြက်ပစ်သူနှင့် ပွိုင့် ၂၂ ကျည်ထိမှန်ထားသည့် ကြက်တို့ကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ မြင်ရစဉ်

ဒါ့အပြင် ကြက်မွေးထားတဲ့အတွက် စိုက်ခင်းတွေကိုလည်း ကြက်တွေမဝင်နိုင်အောင် လုပ်ကြရပါတယ်။ လူ့ခန္ဓာကိုယ်ဟာ အသားဓာတ်တမျိုးထဲ လိုအပ်တာမဟုတ်တာကြောင့် ရဲဘော်တွေဟာ ရာသီအလိုက် သီးနှံတွေကို စိုက်ပျိုးကြပါတယ်။

ဒါကြောင့် တစ်ဖက်မှာ ကြက်သားစားရပေမဲ့ တစ်ဖက်မှာတော့ ကြက်တွေစိုက်ခင်းထဲဝင်ယက်ပြီး အစာမရှာနိုင်အောင် စိုက်ခြံတွေကို လုံအောင်ကာကြရတဲ့အလုပ်တွေလည်း ရဲဘော်တွေမှာ ပိုလာပါတယ်။

အဲဒီလို အလုပ်ပိုပေမဲ့လည်း စစ်အာဏာရှင်ကိုတော်လှန်တဲ့ လုပ်ငန်းစဉ်တွေထဲမှာ မွေးမြူရေးဟာ အရေးပါတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်နေတာကြောင့် ရဲဘော်တွေဟာ ရှင်သန်းရေးအတွက် ကြက်တွေမွေးနေကြသလို ဆက်ပြီးတော့လည်း မွေးနေကြဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်မပြုတ်ကျမခြင်း ရှင်သန်တဲ့ ကြက်သားပေါက်လေးတွေကို မနက်တိုင်းနီးပါး တော်လှန်ရေး ရဲဘော်တွေက ရေတွက်နေရဦးမှာလည်း ဖြစ်ပါတယ်။

ပုံစာ – တော်လှန်ရေးတောတွင်းစခန်းတစ်ခု၌ ကြက်သားချက်ရန် ကြက်အမွေးနှုတ်နေစဉ်
ပုံစာ – တော်လှန်ရေးတောတွင်းစခန်း၌ မွေးမြူပြီးနောက် ကြီးလာသည့်အချိန် ချက်ပြုတ်ထားသည့် ကြက်သားဟင်းခွက်

 

LEAVE A REPLY

Please enter your comment!
Please enter your name here